(အပိုင်း ၁)
နောင်တဟူသည့်စာလုံး၏ အဓိပ္ပါယ်မှာ "ပြန်လှည့်သည် ပြန်လာသည်" ဟုများသောအားဖြင့် အဓိပ္ပါယ်ဖွင့်ဆိုကြသည်။ နောင်တရခြင်းကို သတ်မှတ်ထားသော ပူးတွဲအဓိပ္ပါယ်မှာ အပြစ်ဒုစရိုက်ကို ကျောခိုင်း၍ လှည့်ခြင်းနှင့် (သုစရိုက်) သန့်ရှင်းကောင်းမြတ်ခြင်းသို့ပြန်လှည့်ခြင်း ဖြစ်သည်။
ဓမ္မအတွေးအခေါ်ကျကျဖြင့် လှည့်ထွက်သည်ကို အဓိပ္ပါယ်ဖွင့်ဆိုရရင် စာတန်မာရ်နတ်နှင့် သက်ဆိုင်သော ညစ်ညူး ရွံရှာဖွယ် အမှုအရာများကို စွန့်ပစ်၍ လှည့်ထွက်ပြီး သန့်ရှင်းကောင်းမြတ်စုံလင်တော်မူသော ခမည်းတော်ဘုရားသခင်ထံတော်သို့ ပြန်လာခြင်းဟု ရှင်းရှင်း လင်းလင်း ပြန်ဆိုရပါမည်။
ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသောသုံးပါးသည် တစ်လုံးတ၀တည်းသော ဘုရားသခင်၏ အထံတော်မျက်မှောက်တော်မှ တစ်ကြိမ်လေးမျှပင် ထွက်ခွာသွားမိသည်နှင့် ထိုဘုရားသခင်ကို ပုန်ကန်ခြင်း၊ မိမိနှင့်ဘုရား သစ္စာပြုထားသည့်အရာများကို ချိုးဖောက်ခြင်း၊ ဘုရားသခင်အပေါ် သစ္စာဖောက်ခြင်း၊ ဘုရားသခင်နှင့်မိမိကြား ထားရှိသောယုံကြည်ချက် ခံယူချက်များကို စွန့်ပယ်ခြင်းဟူသည့် အင်မတန်ကြီးလေးသောအပြစ် ဆိုက်ရောက်သည်။
ယေဇကျေလအနာဂတ္တိကျမ်းအပါအ၀င် အခြားသော ကျမ်းစာစောင်များထဲတွင်လည်း ထာ၀ရဘုရားသည် သူ၏လူမျိုးတော်ဣသရေလလူမျိုးများကို နောင်တရကြလော့။ သင်တို့ ခန္ဓာ၊ စိတ်၊ ဝိညာဉ်၏ ရုပ်တုဆင်းတုများကို ပယ်ရှား၍ ရွံရှာဖွယ်ရာအကျင့်နှင့် အတွေးအခေါ်များကို စွန့်ပစ်ကြလော့။ ထာ၀ရဘုရားအပေါ် သင်တို့ ဆန့်ကျင်ပုန်ကန်ဖောက်ပြန်ခြင်းတို့မှ ပြန်လာကြလော့။ ဒုစရိုက်လမ်းများမှ ပြန်လာကြပါဟု ခေါ်ထုတ်ရသည့် အကြောင်းအရာများကို သင်လည်း ဖတ်ဖူးပေလိမ့်မည်။ နောင်တရခြင်းနှင့်အပြစ်ဖော်ပြ၀န်ချတောင်းပန်ခြင်း နှစ်မျိုးလုံးကို နှလုံးသားအကြွင်းမဲ့ဖြင့်လုပ်ဆောင်ရန် ထာ၀ရဘုရားသည်သမ္မာကျမ်းစာ၌ အမိန့်ပေးကာ ခေတ်အဆက်ဆက် နောင်တရခြင်း၊ အပြစ်ဖော်ပြ၀န်ချတောင်းပန်ခြင်းနှင့် စပ်ဆိုင်သော အဖြစ်အပျက်များ၊ လူသားနွယ်အသီးသီးများ၊ တိုင်းနိုင်ငံများအားဖြင့် ဖော်ပြမှတ်တမ်းတင်ထားသည်။
လူတစ်ယောက်အပြစ်မျိုးစုံကိုလုပ်ပြီဆိုရင် ထိုသူသည် မိမိ ကျူးလွန်ခြင်းကို ထာ၀ရဘုရားရှေ့တော်မှောက်၌ သနားခြင်း ဂရုဏာတော်လျော်သောမစခြင်း၊ အပြစ်ခွင့်လွှတ်ခြင်းကို ခံရဖို့ရန် မိမိပြုလုပ်ခဲ့သည့် အပြစ်တခုချင်းစီတိုင်းကို ဖော်ပြ၀န်ချတောင်းပန်စွန့်ပစ်ဖို့ တာဝန် ရှိသည်။ အပြစ်ဝန်ချတောင်းပန်ခြင်းသည် နောင်တနှင့်ဆက်စပ်ပြီး ထိုလုပ်ဆောင်မှုဖြင့် ဘုရားသခင်၏ လှပသော ခွင့်လွှတ်ခြင်းကိုအရယူဖို့ အထူးလိုအပ်ပါသည်။
နောင်တရခြင်းသည် ကယ်တင်ခံရဖို့ရန်အတွက် တခုတည်းသော အခြေအနေဖြစ်သည်။ ကောင်းမှုကုသိုလ်အလှူအတန်း၏ အခြေခံအုတ်မြစ်မဟုတ်ပါ။
နောင်တရခြင်းကို စတင်လှုပ်ရှားစေသောအရာများမှာ ဘုရားရှင်၏ အံ့ဖွယ်မေတ္တာကို ခံစားရခြင်း၊ ခမည်းတော် ဘုရားသခင်၏ ကောင်းမြတ်ခြင်း၊ အပြစ်သားများကိုချစ်ပြီး ကယ်တင်သည့်အလိုတော်နှင့်အကြံအစည်တော်ထဲမှာ၊ အပြစ်ရဲ့ဆိုးကျိုးကွင်းဆက်များထဲမှာ၊ ထာ၀ရမြဲသော ဧဝံဂေလိသတင်းစကားထဲမှာ၊ ကောင်းကင်နိုင်ငံသားဖြစ်ခြင်းနှင့် ဝိညာဉ်ရေးရာ မျှော်လင့်ချက်တွေထဲမှာ နောင်တကို ထင်ရှားစွာ တွေ့ရမည်။
စစ်မှန်သောနောင်တရခြင်းသည် လူတစ်ယောက်ကို မိမိကိုယ်တိုင်အပြစ်ရှိကြောင်းဝန်ခံစေပြီး မိမိရှိနေသည့်နေရာ ၌ ၁၈၀ဒီဂရီစောင်းပြီး မိမိဦးတည်ရာလားရာအသစ် လမ်းအသစ် ဦးတည်ချက်အသစ်ကို လုံးဝပြောင်းလဲမည်မှာ မလွဲမသွေပင်။
နောင်တရရန် စစ်မှန်သောကြေကွဲမှုလိုသည်။ နောင်တရခြင်းသည် အပြစ်နောက်ထပ်ပြုလုပ်ရန် ဘုရားထံမှခွင့်လွှတ်ခြင်းကိုတောင်းခံခြင်းမျိုး မဟုတ်ပေ။ နောင်တရခြင်းသည် မိမိလုပ်နေသည့်ဒုစရိုက်အမှုကို ရပ်တန့်ပြီး နောင်တရရန် လုံးဝပြန်မလုပ်ရန် ခိုင်မာသောစိတ်ဆန္ဒဖြင့် ဆုံးဖြတ်ချက်ချခြင်းဖြစ်သည်။
နောင်တရခြင်းသည် လူသားများကို ညစ်ညူးသော အကျင့်စရိုက်ဆိုးများကို ဖြတ်တောက်ပြီး ဘုရား၌ ရှင်သန်သော သန့်ရှင်းသောအသက်တာ၌ ပြန်လည်စိုက်ပျိုးရှင်သန်စေရန် ပို့ဆောင်ပေးသည်။
(ဆာလံကျမ်း ၁၃၀:၂-၄)အို ထာဝရဘုရား၊ အကျွန်ုပ်၏ စကားသံကို ကြား၍၊ အကျွန်ုပ်ဆုတောင်းပဌနာပြုသံကို နားညောင်းတော်မူပါ။အိုဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ဒုစရိုက်အပြစ်များကို မှတ်တော်မူလျှင် အဘယ်သူသည် ခံရပ်နိုင်ပါမည်နည်း။ ကိုယ်တော်ကို ကြောက်ရွံ့စရာအကြောင်း ရှိစေ ခြင်းငှါ၊ အပြစ်လွှတ်ခြင်းအခွင့်ကို ပိုင်တော်မူ၏။
(ရှင်မဿဲခရစ်ဝင် ၄:၁၇) ထိုအခါမှစ၍ ယေရှုက၊ နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီဟူသော တရားကို ဟောစပြုတော်မူ၏။
(ရှင်မဿဲခရစ်ဝင် ၃:၈) နောင်တရခြင်းနှင့် ထိုက်တန်သော အကျင့်ကို ကျင့်ကြလော့။
(တမန်တော်ဝတ္ထု ၃:၁၉ -၂၀) ထို့ကြောင့်ထာဝရဘုရားထံတော်မှချမ်းဧသောအချိန်ကာလသည် ရောက်လာ၍၊ သင်တို့အဘို့အလိုငှါ ခန့်ထားတော်မူနှင့်သော ယေရှုခရစ်ကို စေလွှတ်တော်မူမည်အကြောင်း၊ သင်တို့အပြစ်များကို ပြေစေခြင်းငှါ နောင်တရ၍ စိတ်ပြောင်းလဲခြင်းသို့ ရောက်ကြလော့။
ဆက်ရန်
အစ်စတဲလ်