ကွန်ပြူတာဖွင့်ပြီး နံပါတ် - ၁ ကိုနှိပ်ပေါ့။ သူက ပြောတဲ့အတိုင်းလုပ်တယ်။ Ok ပေါ့။ အဲဒီပြီးရင် ဒုတိယအဆင့်အနေနဲ့ Mouseကို ၂ချက်နှိပ်ပြီး မြှားလေးနဲ့ ဘယ်အကွက်ကို ထောက်လိုက်ပါ။ Ok ပေါ့။ အဲဒါဆိုရင် ဖန်သားပြင်မှာ ဘာပေါ်လာမယ်။ ဟုတ်ပြီလား။ Ok ပေါ်လာပြန်ပြီ။ နောက်ပြီး ခင်ဗျားရဲ့ လျှို့၀ှက်နံပါတ်ကို ရိုက်ထည့်လိုက်ပါ။ ရိုက်လိုက်ပြီ။ Ok ပေါ့။ Keyboardမှာ Any Keyတချက် ခေါက်လိုက်တော့။ ဒါပြီးရင်တော့ ခင်ဗျားသုံးလို့ရပါပြီဆိုတော့ တဖက်ကအသံ တိတ်ဆိတ်သွားတယ်။ ခဏအကြာတော့ ဆိုင်က လှမ်းမေးတယ်။
“ဟေ့လူ… အဆင်ပြေလား… ရပြီလား။ ဘာလို့ကြာနေတာလဲ”
“ဟို ဟို ကျနော် ရှာနေတုန်းပဲ”
“ဟ… ဘာကို ရှာနေတာလဲဗျ။ Any Keyတချက် တို့လိုက်ရုံပဲလေဗျာ”လို့ ဆိုလိုက်တော့
“အဲဒါက ပြဿနာတက်နေတာဗျ။ ကျနော့်ကွန်ပြူတာKeyboardမှာ အဲဒီအန်းနီးကီးလို့ ရေးထားတဲ့ ခလုတ်လေးတခု မပါဘူးဗျ။ ရှာမတွေ့ဘူး”
“ဟာ… သေလိုက်ပါတော့ဗျာ။ Any Keyဆိုတာ ကြိုက်တဲ့ခလုတ်တခုကို တချက်တို့လိုက်ရုံပဲလို့ ကျနော်ပြောတာဗျ။ ဟား ဟား ဟား…”
“အော်… အဲဒီလိုလား။ မသိပါဘူးဗျာ။ ကျနော်က Keyboardမှာ Any Keyလို့ ရေးထားတဲ့ ခလုတ်တခု ရှိများရှိနေမလားလို့ လိုက်ရှာနေမိတာ…။ ဟား ဟား ဟား…”
အဲဒီနောက်မှာတော့ နောက်ဆုံးအဆင့်ကို သူ၀င်လို့ရသွားတယ်။ ပြောချင်တာက သူပြောတာလည်းမှန်တယ်။ ဒီတယောက်ပြောတာလည်း မှန်ပါတယ်။ အဓိကကတော့ ပြောတာကိုပြောတဲ့အဓိပ္ပါယ်အတိုင်း နားလည်သဘောပေါက်ဖို့ပါပဲ။ ကိုယ်နားလည်ချင်သလို နားလည်ပြီး လုပ်နေရင်တော့ လိုရာမရောက် အလုပ်မဖြစ်ဘဲ ဟာသဖြစ်နေမှာပေါ့။
ဒုတိယအဖြစ်အပျက်
လူငယ်တယောက် ခရမ်းသီးနှပ်ချက်စားဖို့ ဈေးမှာ ခရမ်းသီးသွား၀ယ်တယ်။ သူက ဈေးသွားနေကြ လူတော့ မဟုတ်ပေဘူး။ ဈေးထဲရောက်တော့ ခရမ်းသီးကြီးတွေကလည်း လတ်လတ်ဆက်ဆက် အကြီးအကြီးတွေ။ လက်တတောင်လောက်နီးပါး ရှိနေတာကိုး။ အဲဒါနဲ့ လူငယ်လေးက
“ခရမ်းသီး တလုံးဘယ်လောက်လဲ အဒေါ်”
ဈေးရောင်းတဲ့ အဒေါ်ကြီးက သူ့ကို ဖြတ်ခနဲ မော့ကြည့်လိုက်ပြီး
“ခရမ်းသီးက အချိန်နဲ့ပဲ ရောင်းတာ ကလေးရဲ့”
အဲဒီအခါမှာ ဈေး၀ယ်သူလူငယ်လေးက ခေါင်းတချက်ကုပ်ပြီး သူ့လက်ပတ်နာရီလေးကို ငုံ့ကြည့်ရင်း
“ဒါဆို ကျနော် ဘယ်နနာရီလောက် ပြန်လာ၀ယ်ရမလဲဟင်” တဲ့။
အဲဒီမှာ ပြဿနာစတာ။ ဈေးသည်ကြီးက မင်းငါ့ကို နောက်နေတာလားဆိုတဲ့အကြည့်နဲ့ ကြည့်နေသလို လူငယ်လေးကလည်း ဈေးသည်ကြီးရောင်းမဲ့ အချိန်နာရီကို ရိုးသားစွာ မျှော်လင့်နေတဲ့ မျက်နှာလေး။ တယောက်က အချိန်ဆိုတာကို အလေးချိန်(Weight)အနေနဲ့သုံးပြီး တယောက်က အချိန်(Time)အနေနဲ့ နားလည်သွားတာလေ။ လူငယ်လေးလည်းမမှားဘူး။ ဈေးသည်ကြီးလည်း မမှားဘူး။ ေဝါဟာရတွေကို ကိုယ့်နားလည်မှုနဲ့ ကိုယ်အနက်ပြန်ပြီး သုံးမိကြတာက ပြဿနာ။
လူတယောက်နဲ့တယောက် ဘာသာစကားတမျိုးကိုပဲ အသုံးပြုပြီး ပြောဆိုဆက်ဆံကြရာမှာ ဆက်သွယ်သူနှစ်ဦးကြားပြောတာကို ပြောတဲ့အတိုင်း နားလည်သဘောပေါက်ဖို့က အဓိက အရေးကြီးဆုံးအချက်ပဲ မဟုတ်လား။ အဲဒီပြဿနာဟာ ဒီနေ့ခေတ် သမ္မာကျမ်းစာနဲ့ ဖတ်ရှုလေ့လာသူ ယုံကြည်သူတွေကြားမှာ အများဆုံး ဖြစ်လေ့ဖြစ်ထရှိတဲ့ နားလည်မှုလွဲခြင်း၊ အနက်ပြန် မှားယွင်းခြင်းမျိုးပါပဲ။ ကျမ်းစာထဲက ဆိုလိုတာတမျိုး ကိုယ်နားလည်ချင်သလို နားလည်သဘောပေါက်နေတာက တခြားဆိုသလိုမျိုးပေါ့။ တခုခုဖတ်ရှုပြီ ကြားနာပြီဆိုတာနဲ့ ကိုယ့်ဟာကို နားလည်ချင်သလို နားလည်ပြီး Any Keyခလုတ်ကို လိုက်ရှာမိတဲ့သူနဲ့ နာရီလေးတကြည့်ကြည့်နဲ့ ခရမ်းသီး၀ယ်ဖို့ စောင့်ရမယ်ထင်တဲ့သူလို ဘုရားသခင်နဲ့လူတွေရဲ့ကြားမှာ ဖြစ်နေလိုက်ကြတာ။ ကျနော်တို့များ ပြောပါတယ်။ ကျမ်းစာအုပ် စတင်ပေါ်ကာစတည်းကနေ ယနေ့အချိန်ကာလအထိဆိုပါစို့။ ဒါကြောင့်မို့လို့ ၂တိ - ၃း၁၆ရဲ့ အခန်းကဏ္႑က အရေးပါလာခြင်းဖြစ်တယ်။
(၂တိ - ၃း၁၆) “ထိုကျမ်းစာရှိသမျှသည် ဘုရားသခင် မှုတ်သွင်းတော်မူသောအားဖြင့် ဖြစ်၏”
(၂ပေ - ၁း၂၀) “ကျမ်းစာ၌ပါသော အနာဂတ္တိစကားမည်သည်ကား ကိုယ်အလိုအလျောက် အနက် မပေါ်ဟု ရှေးဦးစွာ သိမှတ်ကြလော့။ အကြောင်းမူကား အနာဂတ္တိစကားသည် လူအလိုအားဖြင့် ဖြစ်ဖူးသည် မဟုတ်။ ဘုရားသခင်၏ သန့်ရှင်းသူတို့သည် သန့်ရှင်းသော၀ိညာဉ်တော်၏ တိုက်တွန်းခြင်းကို ခံယူ၍ ဟောပြောကြ၏”
ထိုသဘောကြောင့် “အသုံးလုံး” ကြေပြီး စာဖတ်တတ်သူတိုင်း အနက်မှန်ကို အလွယ်တကူ သဘောပေါက် နားလည်နိုင်တဲ့ စာပေအမျိုးအစားထဲမှာတော့ သမ္မာကျမ်းစာမပါဘူး။ ပါခဲ့မယ်ဆိုရင်တော့ ဒီကနေ့ ကမ္ဘာပေါ်မှာရှိတဲ့ ပညာရှိ၊ ပညာတတ်တွေ၊ အတွေးအခေါ်ရှိပြီး ဉာဏ်ကောင်းပါတယ်ဆိုတဲ့သူတိုင်း ဘာသာအမျိုးမျိုးမကွဲဘဲ ထာ၀ရဘုရားနဲ့ သူ့ရဲ့ဖန်ဆင်းခြင်းကို တသွေးတသံတမိန့်န့ဲ သိမှတ်ယုံကြည် ကိုးကွယ်နိုင်သူချည်း ဖြစ်နေကြတော့မှာဖြစ်တယ်။ ထို့ပြင် ခရစ်ယာန်ဘာသာတူခြင်းမှာတောင် ဂိုဏ်းဂနအယူအဆအများကြီး မကွဲပြားဘဲ AကိုAလို့ အင်္ဂလိပ်စာတတ်သူတိုင်း ပြိုင်တူလက်ခံနိုင်သလိုမျိုး သချၤာဘာသာရပ်မှာလည်း 1+1=2ဆိုတာကို အငြင်းမပွားပဲ ကမ္ဘာလောကတခုလုံး လက်ခံသဘောတူ အသုံးပြုနိုင်ကြသလိုမျိုး ဖြစ်ရမှာပေါ့။ ဒီအချက်ဟာ သာမန်စာပေနဲ့သမ္မာကျမ်းစာဟာ ဆင်သယောင်နဲ့ မတူကြောင်း သိမြင်ထင်ရှားစေတဲ့ အချက်ပါပဲ။
ဒီကနေ့ကမ္ဘာမှာ ဘုရားတည်ရှိခြင်းကို မယုံခြင်းနဲ့ ဖန်ဆင်းခြင်းအကြောင်းကို လက်မခံပါဘဲ ငြင်းပယ်ကြသူတွေထဲမှာ လောကီပညာရပ်ပိုင်းဆိုင်ရာ ကဏ္႑နယ်ပယ်အသီးသီးမှာ အောင်မြင်ထင်ရှားတဲ့ အထင်ကရပုဂ္ဂိုလ် အကျော်အမော်ကြီးတွေဟာ အများဆုံးပါ၀င်နေကြတယ် မဟုတ်ပါလား။ အချို့များ သူတို့ကိုယ်သူတို့ ဘုရားလို့တောင်အထင်ရှိပြီး လူလူချင်းအရှိခိုး၊ အကိုးကွယ်ခံရတဲ့အဆင့်အထိ သြဇာလွှမ်းနိုင်ကြတဲ့ တတ်သိပညာရှင်ဆိုသူကြီးတွေတောင် ရှိသေးရဲ့။ သူတို့လည်း သမ္မာကျမ်းစာကို ဘာသာစကားမျိုးစုံနဲ့ ဖတ်ရှုနိုင်ပြီး ရှုထောင့်မျိုးစုံကနေ ချဉ်းကပ်လေ့လာနေကြတာပါပဲ။ ဒါပေမဲ့ အကျိုးအားလျော်စွာ ဘုရားကိုသိမြင်နိုင်စွမ်းနဲ့ နားလည်သဘောပေါက်နိုင်စွမ်းအဆင့်အထိကိုတော့ မရောက်ကြရရှာဘူး။ ထိုအရာထက်ဆိုးတာက လူပညာနဲ့ သံသယအခံထားပြီး ဖတ်ရှုလေ့လာ ဆင်ခြင် သုံးသပ်လိုက်တဲ့အခါ ဆန့်ကျင်ဘက်အမြင်မျိုးကိုတောင် ရောက်သွားကြရတော့တယ်။ အဓိပ္ပါယ်မဲ့တယ်။ ယုတ္တိဗေဒမကျဘူး။ သိပ္ပံနည်းနဲ့ မကိုက်ဘူး။ ဘာညာ အစရှိသဖြင့်ပေါ့။
(ယောဟန် - ၁၆း၂) “သမ္မာတရားနှင့်ပြည့်စုံသော ထို၀ိညာဉ်တော်သည် ရောက်လာသောအခါ သမ္မာတရားကို သင်တို့အား အကြွင်းမဲ့ သွန်သင်ပြသလိမ့်မည်”
သူက ကြားခံပုဂ္ဂိုလ်၊ ဆရာရှိဖို့လိုတယ်။ ဖွင့်ပြမှုလိုတယ်။ ဘုရားနဲ့ အဆက်ရှိမှ (တနည်း) အဆက်ရှိတဲ့သူက သွန်သင်ဖွင့်ပြမှ အနက်မှန်ကို မြင်သိနားလည်နိုင်တာမျိုး။ “သမ္မာတရားနှင့်ပြည့်စုံသော ထို၀ိညာဉ်တော်သည် ရောက်လာသောအခါ” အဲဒီစကားကို ခရစ်တော်ပြောရတာက သူ့တပည့်တော်တွေနဲ့ ယေရှုဟာလည်း မကြာခဏ အဲဒီလို ဖြစ်နေကြ။ ယေရှုနဲ့ သူ့တပည့်တော်တွေက လူဘာသာစကားကို အသုံးပြုပြီး ပြောဆိုဆက်ဆံနေကြတာဖြစ်ပေမဲ့ ပြောဆိုနေတာက လောကုတ္တရာအမြင် ၀ိညာဉ်ရေးရာ အဓိပ္ပါယ်နဲ့ (Sacred Meaning) ပြောနေတာ။ သူတို့နားလည်နေတာက လောကီရေးအမြင် လောကအဓိပ္ပါယ်နဲ့လေ (Secular Meaning)။ ဥပမာ - ယေရှုသက်တော်ထင်ရှားရှိစဉ်အခါက ဖာရိရှဲ ကျမ်းတတ်ပုဂ္ဂိုလ်အကျော်အမော်တွေ၊ ဂျူးဘာသာရေးခေါင်းဆောင်တွေနဲ့လည်း မကြာခဏ ပြဿနာ တက်လေ့ရှိတာလည်း အဲဒီအကြောင်းကိစ္စလေးပါပဲ။
(ယောဟန် - ၃း၃)မှာ ခရစ်တော်က ဒုတိယအကြိမ်မွေးခြင်းအကြောင်းပြောတဲ့အခါ နိကောဒင် ဆိုတဲ့ ကျမ်းတတ်ပုဂ္ဂိုလ်က လူဆိုတာ အမိ၀မ်းဗိုက်ကနေ မွေးတယ်ဆိုတာကိုပဲ သိမြင်နားလည် ထားတော့ အဲဒီလိုပဲတွေ အဲသည်လိုပဲ စဉ်းစားမြင်ယောင်ပြီး “ဟာ အသက်ကြီးကာမှ ဘယ့်နှယ် အမေ့ဗိုက်ထဲ ပြန်၀င်ရမှာလား”ဆိုတဲ့ နားလည်မှုနဲ့ တုန့်ပြန်ခဲ့တယ်။ အဲဒီအခါမှာ သခင်ယေရှုက “သင်သည် ဣသရေလ လူတို့တွင် ဓမ္မဆရာဖြစ်လျက်နှင့် ဤစကား၏ အနက်ကို နားမလည်ပါလား”လို့ ပြောဆိုခဲ့တယ်။ စာတွေတတ်တယ်။ ကျမ်းတွေကိုကျေအောင်သိတယ်။ နို့ပေမဲ့ ၀ိညာဉ်သဘောကို နားမလည်ဘူး။ စာသက်သက်နဲ့ ကျမ်းတွေကို တတ်သိနားလည်နေရုံမျှနဲ့ ၀ိညာဉ်အလင်း နှုတ်ကပတ်တော်ရဲ့ ဆိုလိုရင်းကို လူဟာ နားမလည်နိုင်ပါဘူး။ ဒါကြောင့် သန့်ရှင်းသော၀ိညာဉ်တော်ရဲ့အခန်းကဏ္႑က လူနဲ့ဘုရား အဆက်အသွယ်ပြုရာမှာ ကြားခံပုဂ္ဂိုလ်အဖြစ်ရှိနေဖို့ လိုအပ်တယ်လို့ ပြောချင်တာပါ။ ဒါမှ ဘုရားစကားကို လူက ဘုရားဖွင့်ပြပြောဆိုချင်တဲ့အတိုင်း နားလည်သဘောပေါက်မှာ။
ဒုတိယအချက်အနေနဲ့ (တမန်တော် - ၈း၂၇-၃၉)မှာပါတဲ့ အဲသယောမိအမတ်အကြောင်းကို ကြည့်မယ်ဆိုရင် သန့်ရှင်းသော၀ိညာဉ်တော်ရဲ့ အခန်းကဏ္႑က ပေါ်လွင်ထင်ရှားပါတယ်။ အခန်းငယ် ၃၀မှာ အမတ်ကြီးက ဟေရှာရရဲ့ကျမ်းစာလိပ်ကို ဖတ်ရှုလေ့လာနေတယ်။ စာသက်သက်အားဖြင့် ချဉ်းကပ်ရင် သူနားလည်နိုင်မှာ မဟုတ်ကြောင်း သန့်ရှင်းသော၀ိညာဉ်တော်က သိတဲ့အတွက် ဖိလိပ္ပိကို အနက်ပြန်ဖို့ စေလွှတ်ပေးတယ်။ “ဖတ်သောအရာကို နားလည်ပါ၏လော”လို့ မေးတဲ့အခါ အခန်းငယ် ၃၁မှာ “သွန်သင်ပဲ့ပြင်သောသူမရှိလျှင် အဘယ်သို့ နားလည်နိုင်မည်နည်း”လို့ ပြန်ပြောပြီး သူ့ကိုရှင်းပြဖွင့်ပြဖို့ တောင်းဆိုတာကို တွေ့ရတယ်။ ဒါကြောင့် စိတ်အားကြီးပြီး ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့နဲ့ ရှာတဲ့သူတွေကို တစ်ခါတလေ သန့်ရှင်းသော၀ိညာဉ်တော်က ဘုရားနဲ့အဆက်ရှိတဲ့ ဘုရားလူတွေကတဆင့် ဖွင့်ပြပေးခြင်းမျိုးရှိသလို ပုဂ္ဂိုလ်တဦးခြင်းကို တိုက်ရိုက်ဖွင့်ပြသွန်သင်ပြီး နားလည်စေတာမျိုးလည်း ရှိပါတယ်။ သန့်ရှင်းသော ၀ိညာဉ်တော်ရဲ့ အခန်းကဏ္႑မပါရင်တော့ လူကလူလိုပဲတွေး၊ လူ့အသိဉာဏ်လောက်ပဲသိပြီး ကိုယ်နားလည်ချင်သလို သဘောပေါက်နားလည်ရင်း ဘ၀လမ်းခရီးလမ်း တလျှောက်မှာ Any Keyခလုတ် လိုက်ရှာနေမိနေတဲ့သူနဲ့ ခရမ်းသီး၀ယ်ဖို့နာရီကြည့်ပြီး စောင့်နေတဲ့လူလို အချိန်ကုန်လူပင်ပန်းဖြစ်ရင်း ရွာလည်တိုင်ပတ်ဖြစ်နေမှာပါ။ ကျမ်းစာအုပ်ကြီးတကိုင်ကိုင်နဲ့ ၀ိုင်းကြီးပတ်ပတ် ဒူေ၀ေ၀ ဖြစ်နေကြဦးမှာလို့ ဆိုလိုရင်းဖြစ်ပါတယ်။
သမ္မာကျမ်းစာကို ရေးသူ၊ ပြောသူက ဘုရားဖြစ်ပြီး ဖတ်ရှုလေ့လာ နားထောင်လိုက်လျှောက်ရမဲ့ သူကတော့ လူသားတွေ ဖြစ်နေတာကြောင့် အဲဒီပုဂ္ဂိုလ်နှစ်ဦးကြားမှာ ဘာသာပြန်ချိတ်ဆက်ပေးမဲ့သူက သန့်ရှင်းသော၀ိညာဉ်တော်တည်းဟူသော ဥပဇ္ဈယ်ဆရာပါပဲ။ သမ္မာကျမ်းစာကိုကိုင်စွဲပြီး အသက်ရှင်တဲ့ ယုံကြည်သူတယောက်ရဲ့ အသက်တာမှာ သန့်ရှင်းသော၀ိညာဉ်တော်ရဲ့ အခန်းကဏ္႑ကို ချန်လှပ်ထားလို့ လုံး၀မရပါဘူး။(၁ကော - ၂း၁၁) “လူ၏ နက်နဲသောအရာကို လူ၌ရှိသော မိမိစိတ်၀ိညာဉ်မှတပါး အဘယ်သူ သိနိုင်သနည်း။ ထိုနည်းတူ ဘုရားသခင်၏ နက်နဲသောအရာကို ဘုရားသခင်၏ ၀ိညာဉ်တော်မှတပါး အဘယ်သူမျှမသိ” အခန်းငယ် ၁၂ “ငါတို့သည် လောကီ၀ိညာဉ်ကို မခံရကြ။ ဘုရားသခင်ပေးတော်မူသော အရာတို့ကိုသိခြင်းအလို့ငှာ ဘုရားသခင်ထံမှ ကြွလာသော ၀ိညာဉ်ကို ခံရကြပြီ”
(ယောဟန် - ၁၄း၆) “ငါသည် ခမည်းတော်ကိုတောင်း၍ ခမည်းတော်သည် သမ္မာတရားကိုပြသော ၀ိညာဉ်တော်တည်းဟူသော တပါးသော ဥပဇ္ဈယ်ဆရာကို သင်တို့နှင့်အတူ အစဉ်မပြတ် တည်နေစေခြင်းငှာ သင်တို့အား ငါပေးတော်မူမည်။ ထို၀ိညာဉ်တော်ကို လောကီသားတို့သည် မသိမမြင်သောကြောင့် မခံမယူနိုင်ကြ။ ထို၀ိညာဉ်တော်သည် သင်တို့နှင့်အတူတည်နေ၍ သင်တို့၌ ရှိတော်မူသောကြောင့် သင်တို့ သိရကြ၏”
(၁ကော - ၄း၁၅) “သင်တို့တွင် ခရစ်တော်၏ အကြောင်းကို သင်ပေးသော ဆရာတသောင်းရှိငြား သော်လည်း အဘများမရှိ။ ဧဝံဂေလိတရားအားဖြင့် ငါသည် သင်တို့ကို ယေရှုခရစ်၌ ဖြစ်ပွားစေပြီ”
ဒါကြောင့် ကျမ်းစာဖတ်ခြင်းဟာ မဖတ်တာထက်စာရင် ကောင်းပေမဲ့ မဖတ်ခင်မှာ သန့်ရှင်းသော ၀ိညာဉ်တော်ရဲ့လမ်းပြမှုကို ခံယူပြီး နားလည်နိုင်သောဉာဏ်ကို (ဆာလံ ၁၁၉း၁၈) “တရားတော်၌ အံ့ဘွယ်သောအရာတို့ကို မြင်နိုင်ပါမည်အကြောင်း အကျွန်ုပ်၏ မျက်စိကိုဖွင့်တော်မူပါ”ဆိုတဲ့ ဆုတောင်း စကားလေးဆိုပြီးမှ ဖတ်တာက ပိုခရီးရောက်ပါလိမ့်မယ်လို့ သတိပေးတိုက်တွန်းနှိုးဆော်ရင်း အနည်းငယ် ဆရာလုပ်လိုက်မိပါတယ်။
တင်အောင်လွင် (Exodus)