အမေရိကလို့ ကြားလိုက်ရင် လူဖြူ
လူမည်းကို အသိစိတ် အာရုံထဲ တန်းမြင်ယောင်မယ်လို့ ယုံကြည်မိတယ်။ တဆက်တည်းမှာပဲ
မာတင်လူသာကင်းနဲ့ အေဗရာဟမ်လင်ကွန်းကိုပါ မြင်ကြမှာပဲ
မဟုတ်လား။အရေးကြီးပုဂ္ဂိုလ်တွေကို မေ့ကွယ်ထားလို့မှမရပဲကိုး။
လူမည်းလွတ်မြောက်ရေးလမ်းစဉ်ကို
Harrietဇာတ်ကားထဲမှာ တွေ့ရမှာဖြစ်ပါတယ်။ လူမည်း ဆိုတာ စက်ပစ္စည်းတခုလိုသာ
တန်ကြေးရှိတဲ့ အမေရိကလိုနိုင်ငံမှာ လွတ်မြောက်ရေးလမ်းစဉ်မှာ အက္ခရာကျတဲ့
ဇာတ်လိုက်ဖြစ်သူကတော့ မိန်းမပျိုတဦးပါ။ သူ့မှာစွမ်းအားတခုရှိတယ်။ ဘယ်အခြေနေ ဘယ်အချိန်ခါမှာ
ဘယ်လိုကျင့်ကြံရမယ်ဆိုတာ ဖွင့်ပြခြင်းခံရတဲ့Visionပါ။ သေချာတာကတော့
ဘုရားဖွင့်ပြတဲ့ အမြင်အာရုံလို့ တင်စားရင် အသင့်တော်ဆုံးပါပဲ။
လူမည်းလွတ်မြောက်ရေးမှာ
ကိုယ်လွတ်ရုန်းပြီး ဒေသစိမ်းမှာနေထိုင်ခြင်း၊ ကျွန်ဖြစ်ကြောင်း စာချုပ်
စာတမ်းဖျက်သိမ်းခြင်းနှင့် ကျွန်ဘ၀အဖြစ်နဲ့
သေဆုံးသွားခြင်းတွေက ကျွန်လူတန်းစား လူမည်း လွတ်မြောက်ရေးလမ်းစဉ်ဖြစ်ပါသည်။
ကိုယ်လွတ်ရုန်းခြင်းကို ဇာတ်လိုက်ကရွေးချယ်လိုက်တယ်။ ကိုယ့်ရဲ့တိုက်ပွဲ
ကိုယ်သာဆင်နွှဲဆိုတဲ့ဆောင်ပုဒ်ကို ကိုင်ဆောင်ပြီးတော့ ကျွန်ဘ၀မှရုန်းထွက်ဖို့
ဆိုင်းပြင်းတဲ့ Harriet။
ကျွန်လူတန်းစားပပြောက်ရေးအတွက်
တိုက်ပွဲဝင်ဖို့နဲ့ ဖောက်ထွက်ဖို့ဆိုရင် သတ္တိခဲ အာဂသခင်တွေ အထူးလိုအပ်လှပါတယ်။
ဇာတ်လိုက်ဖြစ်သူကတော့ အာဂမှ အာဂမီးခဲ။ တောက်အောင်မီးမြိုက်စရာမလိုတဲ့ မီးခဲတခု။
ဖခင်သင်းအုပ်ဆရာတဖြစ်လည်း
ထာဝရဘုရားကိုသာ အားကိုးဖို့ အတန်တန် မှာထားတဲ့ကြား ထဲက လွတ်မြောက်မှုကို
ခံစားလိုတဲ့ ချစ်လှစွာသောသမီးကို မလွဲသာမရှောင်သာလို့သာ ဆုတောင်း
ကောင်းကြီးပေးလိုက်ရတယ်။
စိတ်ထဲမှာတော့
စိုးရိမ်တထင့်ထင့်ရှိလှတဲ့ အဖေ။
မြေပုံမရှိ
ဦးတည်ရာမရှိ ဘုံကျွန်အိမ်တော်မှဝေးရာသွားနိုင်ရင်ကို ပျော်လှတဲ့သမီး။
ဖောက်ထွက်မှုကို
လိုလားဟန်မပြသော အစ်မ။
အဲဒီလို
လွတ်လပ်မှုကို တကိုယ်တည်းရှာဖွေရင်းနဲ့ ဇာတ်လိုက်မင်းသမီးရဲ့ အမြင်အာရုံထဲမှာ လမ်းကြောင်းပြမြေပုံ ဖွင့်ပြခံရလေရဲ့။
မြတ်စွာသောထာဝရဘုရားရဲ့ စောင်မလမ်းပြမှုပေါ့။
လွတ်မြောက်ရာ မြေပုံဆီကို
မိုင်ထောင်ပေါင်း ဝေးပေမဲ့လည်း ခြေကျင်ခရီးအားဖြင့်
ဘုရားဖွင့်ပြတဲ့အမြင်အာရုံနဲ့ ဆုံးခန်းတိုင်အောင် သွားနိုင်ခဲ့တယ်။ အရေးကြီးတာ
လမ်းပြမဟုတ်လား။ အစားအသောက် ဆင်းရဲလွန်းအားကြီးပေမဲ့လည်း ကျွန်ဘ၀လွတ်မြောက်ရေးကို
ပိုပြီးစိတ်အားထက်သန်တဲ့ Harriet တကိုယ်တည်း ရုန်းကန်လှုပ်ရှားရင်းနဲ့ တနေကွယ်တရက်ကူးတဲ့အချိန်မှာတော့
ဆိပ်ကမ်းတခုကို ဆိုက်မြိုက်သွားတယ်။ အဲဒါက ဇာတ်အချိုးအကွေ့ပေါ့။
ပထမဘ၀က
မိခင်ပေးသနားတဲ့ဘ၀။ သူ့မှာရွေးချယ်ခွင့်မရှိ။ ဒုတိယဘ၀ကကျွန်ဘ၀။ သူ့မှာ
ရွေးချယ်ခွင့်မရှိ။ တတိယဘ၀က ကျွန်ဘ၀မှလွတ်မြောက်ရေး။ ဒီအခါမှာတော့
ရွေးချယ်ခွင့်ရှိသွားပြီ။
ဘုရားဖွင့်ပြတဲ့အမြင်အာရုံနဲ့ လမ်းပြခြင်းအစီအစဉ်ပဲရှိပြီးတော့ ယုတ္တိမကျပေမဲ့လည်း လွတ်မြောက်ရာလမ်းကို
သူရှာဖွေတွေ့ရှိသွားပါတယ်။ မြို့တမြို့မှာ လူပီပီသသ နေနိုင်တဲ့
အခွင့်အရေးရလာခဲ့တယ်။ နို့ပေသိ မတင်းတိမ်နိုင်ပါဘူး။ ဘ၀ဟောင်း ကျွန်စံအိမ်တော်က
အမျိုးသား၊ မိခင်နဲ့ဖခင်။ ပြီးတော့ ချစ်လှစွာသောအစ်မ
ဦးလေးနဲ့ဆွေမျိုးတော်စပ်သူတွေကိုပါ ကျွန်ဘ၀မှ လွတ်မြောက်ခြင်းအရသာကို
ကောင်းကောင်းကြီး ခံစားသိမြင်စေချင်သေးတယ်။ သူကိုယ်တိုင်က ကျွန်လွတ်မြောက်ရေး
တိုက်ပွဲဝင်ခေါင်းဆောင်တဦးဘ၀မျိုးအထိ ဖြစ်နေပြီ။ စာမတတ်ပေမတတ်ဖြစ်ပေမဲ့
ဘုရားပေးတဲ့အခွင့်အာဏာကို သူကောင်းကောင်းကြီး အသုံးချတတ်တယ်။ လက်သင့်မခံနိုင်တဲ့
အခြေအနေမျိုးဖြစ်ပေမဲ့ သူ့လမ်းစဉ်အတိုင်းဆက်သွားတော့ သူ့တမိသားစုလုံး
ဘေးဒုက္ခအားလုံး ကင်းရှင်းသွားရတယ်။
ဒီလိုကိစ္စမျိုး
ဘာကြောင့်များ ဖြစ်သွားရတာပါလိမ့်။ ဘုရားချီးမြှင့်ထားတဲ့ စွမ်းရည်သတ္တိကို နေရာမှန်မှာ
အသုံးချတတ်လို့ပဲလို့ ဆိုရပါမယ်။ မှတ်ချက်ချတာ မှားသွားလား မှန်သွားလားဆိုတာတော့
ရုပ်ရှင်ချစ်သူတို့ ဝေဖန် ပိုင်းခြားကြပေါ့။
နိုင်ငံရေးနောက်ခံနဲ့ ကြည့်မလား၊ စီးပွားရေးနောက်ခံနဲ့ကြည့်မလား၊ သမိုင်းနဲ့ ချိန်ထိုးပြီး ကြည့်မလား၊ ဓလေ့ထုံးတမ်းစဉ်လာအနေနဲ့ ကြည့်မလား၊ ကိုးကွယ်ယုံကြည် မှုအနေနဲ့ ကြည့်မလား။ နှစ်သက်ရာခေါင်းစဉ်နဲ့ ကြည့်နိုင်ပါတယ်။ ဘယ်လိုခေါင်းစဉ်မျိုးနဲ့ကြည့်ကြည့် သေချာတာတခုက ဇာတ်လိုက်ဖြစ်သူ မိုက်ခနဲမူးလဲသွားတဲ့အချိန်မှာ မဖြစ်သေးပေမဲ့ ဖြစ်လာတော့မဲ့လက္ခဏာကို သူမြင်တွေ့လိုက်ရတဲ့ပြကွက်။ ထပ်ခါတလဲလဲရိုက်ချက်တွေက ဒီအကြောင်းအရာခေါင်းစဉ်အောက်ကိုပဲ စိုက်စိုက်မြိုက်မြိုက် ခိုဝင်တယ်။ ဒါကိုတော့ ရုပ်ရှင်အညွှန်းရေးသူဖြစ်တဲ့ ကျုပ်ကတော့ Vision (ရူပါရုံ)ရခြင်း လို့ပဲ ခေါင်းစဉ်တပ်တယ်ဗျား။
Kristo