အီသန်သို့

အီသန် တဖက်သတ်ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို နင်နားလည်ရဲ့လား

တဖက်သတ်ထဲကပဲ အကြိမ်ကြိမ်အသတ်ခံနေရတာလို့ ငါကြားဖူးတယ် အီသန်

သတ်သူကိုယ်တိုင်က သတ်လို့သတ်မှန်းမသိတဲ့ အပြုံးတွေနဲ့

ငါအကြိမ်ကြိမ် အသတ်ခံခဲ့ရတယ်

အီသန် လွန်ခဲ့တဲ့ ဆယ်စုနှစ်တခုဆီမှာပေါ့လေ

ငါဟာ နင့်စိတ်နဲ့ပဲ အကြိမ်ကြိမ်သေခဲ့ရတယ်

နင်ကလည်း ငါ့ကိုတွေ့ပြီဆိုရင် မပြုံးရရင်မနေနိုင်ဘူး

အဲဒီလိုပဲ ငါကလည်း နင့်ကိုတွေ့ရင်

နင့်အပြုံးတွေထဲမှာ သေပစ်ဖို့လည်း ၀န်မလေးခဲ့ဘူး

အတိဿယ၀ုတ္တိတွေကို ငါပြောဆိုသုံးစွဲလာတတ်တာ

အချစ်ကိုစတင်ခံစားမိတဲ့အချိန်ကတည်းကပါ အီသန်

ငါချစ်ခဲ့ရတဲ့ နင့်အပြုံးတွေ

ငါအပိုင်သိမ်းထားချင်တဲ့ နင့်အပြုံးတွေ

ငါငေးကြည့်ချင်ခဲ့တဲ့ နင့်အပြုံးတွေ

ငါမြတ်နိုးရတဲ့ နင့်အပြုံးတွေ

ငါအမှတ်ရနေမှာပါ အီသန်

တစ်စုံတယောက်က ငါ့ကို နှစ်လိုဖွယ်အပြုံးနဲ့ တုန့်ပြန်တဲ့အခါမျိုးမှာ

နင့်နာမည်လေးကို ငါ တိုးတိုးလေး ရေရွတ်နေမိမှာပါ

အီသန် ငါ့ခေါ်သံလေးကို နင်ကြားနိုင်မယ်ဆိုရင်

တနေရာရာမှာ တယောက်ယောက်ကို ငါအမှတ်နဲ့ နင်ပြုံးပြပေးပါ အီသန်

အနည်းဆုံးတော့ နင့်အပြုံးလေးက

တယောက်ယောက်ရင်ထဲမှာ နွေးထွေးသွားစေနိုင်တယ်လေ

အီသန် နင့်အနားမှာ နေခွင့်ရပြီး

နင့်အပြုံးတွေ ငေးခွင့်ရတဲ့အမျိုးသမီးဟာ

ကမ္ဘာမှာ ကံအကောင်းဆုံးသူပဲ မဟုတ်လား

အီသန် နင့်အပြုံးတွေကို တသက်လုံး ပိုင်ဆိုင်ခွင့်ရတဲ့ အဲဒီအမျိုးသမီးကို

ငါ့မှာ အားကျခဲ့ရတာ အကြိမ်ကြိမ်အခါခါပါပဲ

ဘုရားသခင်က နင့်နံရိုးရှင်ရဲ့နာမည်မှာ ငါ့နာမည်တပ်မဲ့အစား

ဟို အမျိုးသမီးနာမည်ကို မှားရေးခဲ့တာများလား

ရူးကြောင်ကြောင်နိုင်တဲ့ အတွေးတွေရယ်ပါ အီသန်

ဘုရားရဲ့အလိုတော်ကို ၀န်မခံနိုင်တဲ့ ဇာတိစိတ်တချို့နဲ့လူပါ အီသန်

နင့်နာမည်ကိုတွေးမိတာနဲ့ အလိုတော်ကို ၀န်မခံနိုင်ခြင်းတွေဟာ

ငါ့စိတ်ထဲမှာ သူ့အလိုလိုကို ဖြစ်တည်တယ်

အီသန် အဲဒါတွေဟာ နင့်ကြောင့်လို့ ငါခေါင်းစဉ်မတပ်ရက်ပါဘူး

နင့်ကို ချစ်နေတဲ့ ငါ့ကြောင့်ပါ အီသန်

နင့်ကို ချစ်နေသေးတဲ့ ငါ့စိတ်တွေကြောင့်ရယ်ပါ ။

ဆားတစ်ပွင့်