ခရစ်တော်တဖန် ကြွလာဦးမည်လော

          ယနေ့ကမ္ဘာကြီး တဖြည်းဖြည်း ဆိုးရွားလာသည်ကို သင်သတိပြုမိပါသလား။ အဖက်ဖက်မှ ဆိုးရွားခဲ့သည်မှာလည်း   ငြင်းမရပါ။   သာ၍ရုပ်ဆိုးအကျည်းတန်သောကိစ္စများကို  လူသားများ မမျှော်လင့်သော်လည်း ရင်ဆိုင်ရမည်မှာ မလွဲမသွေပင်။ လူသားတို့ ရင်ဆိုင်ရမည်မှာ မှန်သော်ငြားလည်း လူသားတိုင်းဟု မဆိုပေ

          ခပ်သိမ်းသောအရာများစွာထဲက လူကိုချစ်ပြီး ကယ်တင်ရွေးနှုတ်သော သခင်ယေရှုခရစ်တော်ကို ယုံကြည်လက်ခံ နားထောင်ဝန်ခံလိုက်လျှောက်သော ယုံကြည်သူတို့ကိုမူ ထိုဆိုးရွားအကျည်းတန်သော အရာများက အဆုံးမစီရင်နိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် ထိုဘုရားသခင်ကိုယ်တော်တိုင်ပင် ကွယ်ကာစောင်မထားခြင်းကြောင့်ပင် ဖြစ်သည်။

          စစ်မှန်သောယုံကြည်သူ ယေရှုခရစ်တော်၏ နောက်ကိုလိုက်သော သူ့တပည့်တော်တိုင်းဘုရားသား၊ သမီးတိုင်းအတွက်မူ ထိုကာလကိုတိုစေမည်ဟု နှုတ်ကပတ်တော်က အတည့်အလင်း ဖော်ပြထားသည်။

          (ရှင်မဿဲ၂၄း၂၂) - ထိုကာလတာရှည်လျှင် အဘယ်သူမျှ မလွတ်နိုင်ရာ။ ရွေးချယ်သောသူ တို့အဘို့အလို့ငှာ ထိုကာလသည် တိုလိမ့်မည်။ ထိုသို့ဆိုသော်ငြားလည်း ခရစ်တော်သည် သူ၏ သား၊သမီးများကို ဒီအတိုင်းလောကကြီးထဲတွင်သန့်ရှင်းပြီး   အသက်ရှင်သော ဘုရားကို ပုန်ကုန်သော သူတို့နှင့် ကြာကြာထားမည် မဟုတ်ပေ။ သူတဖန်ပြန်လာ၍ကြွလာပြီး  သူချစ်သော သား၊သမီး စစ်မှန်သောယုံကြည်သူ ခရစ်တော်ကို နှလုံးသားထဲမှာ နှစ်နှစ်ကာကာ ပြတ်ပြတ်သားသား ယုံကြည်လက်ခံ လိုက်လျှောက်သူများကိုသာ သိမ်းဆည်းမည်ဖြစ်သည်။ အမည်ခံခရစ်ယာန်များ၊ ခရစ်တော်ကို ဟန်ဆောင်ယုံကြည်လက်ခံသူများ ဦးနှောက်နဲ့ပဲသိပြီးအပေါ်ယံကယ်တင်ခြင်းကရသောသူတွေ၊ ဒုတိယ မွေးခြင်းမခံသောသူတွေ၊ သန့်ရှင်းသောဝိညာဉ်တော်၌ မမွေးသောသူတွေအကုန် ကျန်ရစ်ပြီး ခမည်းတော်ဘုရားသခင်၏ အမျက်တော်သွန်းလောင်းခြင်း ခံရလေမည်ဖြစ်သည်။

          (ရှင်ယောဟန် ၃း၁၈) - သားတော်ကို ယုံကြည်သောသူသည် အပြစ်စီရင်ခြင်းကို မခံရ။ မယုံကြည်သောသူမူကား၊ ဘုရားသခင်၌ တပါးတည်းသောသားတော်ကို မယုံကြည်သောကြောင့် ယခုပင် အပြစ်စီရင်ခြင်းကိုခံရ၏။

          (ရှင်ယောဟန် ၃း၃) - ယေရှုက၊ ဒုတိယမွေးခြင်း ကိုမခံသောသူမည်သည်ကား၊ ဘုရား သခင်၏ နိုင်ငံတော်ကိုမမြင်ရဟု ငါအမှန်အကန်ဆိုသည်ဟု ပြန်၍ မိန့်တော်မူ၏။

          (ရှင်ယောဟန် ၃း၅-၆) - ယေရှုကလည်း၊ ရေနှင့်ဝိညာဉ်တော်မမွေးသောသူမည်သည်ကား၊ ဘုရားသခင်၏နိုင်ငံတော်သို့ မ၀င်ရဟု ငါအမှန်အကန်ဆို၏။ ဇာတိပကတိမွေးသောအရာသည်  ဇာတိ ပကတိဖြစ်၏။ ၀ိညာဉ်တော်မွေးသောအရာသည် ၀ိညာဉ်ဖြစ်၏။

          ခရစ်ယာန်ဂိုဏ်းပေါင်းစုံ အသင်းတော်များစွာတွင်လည်း ခရစ်တော်တဖန်ကြွလာမည်နှင့်ပတ်သက်၍ ခံယူချက်များရှိပေလိမ့်မည်။ သို့သော် ဂိုဏ်းဂနအယူအဆခံယူချက်များထက် ထာဝရ တည်မြဲသော အသက်ရှင်သောဘုရား၏ နှုတ်တော်ထွက်စကားနှုတ်ကပတ်တော်ကသာလျှင် စစ်မှန်သောအဖြေ ဖြစ်သောကြောင့် ခရစ်တော်ပြန်ကြွလာမည့်ကတိတော်များစွာကို ရှာဖွေလေ့လာဖို့ ဖိတ်ခေါ်အပ်ပါသည်။

          (ရှင်ယောဟန် ၁၄း၂-၃) - ငါ့အဘ၏ အိမ်တော်၌ နေစရာအခန်းများရှိ၏။ သို့မဟုတ်လျှင် မဟုတ်ကြောင်းကို သင်တို့အား ငါမပြောဘဲမနေ။ သင်တို့နေစရာအရပ်ကို ပြင်ဆင်ခြင်းငှာ၊ ငါသွားရ၏။ ငါ သည် သွား၍ သင်တို့ပြင်ဆင်စရာအရပ်ကို ပြင်ဆင်ပြီးမှ တဖန်လာပြန်၍၊ ငါရှိစရာအရပ်၌ သင်တို့ ရှိစေခြင်းငှာ သင်တို့ကို ငါ့ထံသို့ သိမ်းဆည်းမည်။

          သခင်ယေရှုခရစ်တော်ကိုယ်တိုင်ပင်လျှင် တဖန်လာပြန်၍ သိမ်းဆည်းမည်ဟု အတိအလင်း ပြောသော ကတိတော်ဖြစ်သည်။ အဘယ်သူများကလည်း ခရစ်တော်ပြန်ကြွလာမည်ဟု ပြောကြားခဲ့ပါသလဲ ကြည့်ရအောင်။

          (တမန်တော်ဝတ္ထု ၁း၉-၁၁) - တမန်တော်တို့သည် ကြည့်ရှုလျက်နေကြစဉ်၊ သခင်ဘုရားသည် အထက်သို့ဆောင်ယူခြင်းကိုခံတော်မူ၍၊ မိုဃ်းတိမ်သည် ကိုယ်တော်ကို မျက်ကွယ်အောင်ခံယူလေ၏။ ထိုသို့ ကြွတော်မူသည်ကို တမန်တော်တို့သည် ကောင်းကင်သို့ စေ့စေ့ကြည့်မျှော်လျက်နေကြစဉ်တွင်၊ လူနှစ်ယောက်တို့သည် ဖြူစင်သောအ၀တ်ကိုဝတ်ဆင်လျက် တမန်တော်တို့အနားမှာပေါ်လာ၍၊ အိုဂါလိလဲလူတို့၊ အဘယ်ကြောင့် ကောင်းကင်သို့ ကြည့်မျှော်လျက်နေကြသနည်း။ သင်တို့နှင့်ခွာ၍ ကောင်းကင်သို့ဆောင်ယူခြင်းကို ခံတော်မူသော ထိုယေရှုသည် သင်တို့မျက်မှောက်၌ ကောင်းကင်သို့ ကြွ သွားတော်မူသည်နည်းတူ  တဖန်ကြွလာတော်မူလတ္တံ့ဟုပြောဆို၏။

          သခင်ယေရှုခရစ်တော် ကောင်းကင်သို့ ဆောင်ယူခြင်းကိုခံရစဉ်တွင် ကောင်းကင်မှ ကောင်းကင်တမန်နှစ်ပါးကလည်း ခရစ်တော်ပြန်ကြွလာမည်ဟု သက်သေခံခဲ့သည်။ ဆက်လက်ပြီး ခရစ်တော်ပြန်ကြွလာခြင်းနှင့်ပတ်သက်၍ မည်သူတွေက မည်သို့မှတ်တမ်းတင်ထားသည်ကိုကြည့်ရအောင်။

          (ဖိလပ္ပိ၃း၂၀) - ငါတို့ကျင့်သောအကျင့်မူကား၊ ကောင်းကင်ဘုံနှင့်စပ်ဆိုင်လျက်ရှိ၏။  ကယ်တင်တော်မူသောအရှင် သခင်ယေရှုခရစ်တော်သည် ကောင်းကင်ဘုံမှ ကြွလာတော်မူမည်ဟု ငါတို့သည် မျှော်လင့်လျက်နေကြ၏။

          (ရှင်ယာကုပ် ၅း၇-၈) - ထို့ကြောင့်၊ ညီအစ်ကိုတို့၊ သခင်ဘုရား ကြွလာတော်မူသည် တိုင်အောင် သည်းခံလျက်စောင့်နေကြလော့။ အကယ်၍ လယ်လုပ်သောသူသည် အရင်မိုဃ်း၊  နောက်မိုဃ်းကို ရသည်တိုင်အောင်၊   အဘိုးထိုက်သော  မြေအသီးကို သည်းခံလျက်စောင့်နေ၍ မျှော်လင့်တတ်၏။ သင်တို့သည်လည်း သည်းခံလျက် စောင့်နေကြလော့။ ကိုယ်စိတ်နှလုံးကိုမြဲမြံ စေကြလော့။   သခင်ဘုရားကြွလာတော်မူသောအချိန်ရောက်လုနီးပြီ။

          (၁ ပေ ၁း၁၃) - သို့ဖြစ်၍၊ သင်တို့စိတ်နှလုံးကို ခါးပန်းစည်း၍ သမ္မာသတိရှိကြလော့။ ယေရှုခရစ်ပေါ်ထွန်းတော်မူသောအခါ၊ သင်တို့ဆီသို့ ရောက်လတံ့သော  ဆုကျေးဇူးကို  အဆုံးတိုင်အောင် မျှော်လင့်ကြလော့။

          (ရှင်ယုဒ ​၁း၁၄-၁၅) - အာဒံမှဆင်းသက်၍ ခုနှစ်ဆက်မြောက်သောသူ ဧနောက်က၊ ထာဝရဘုရားသည် ခပ်သိမ်းသောသူတို့ကို တရားစီရင်တော်မူ၍၊ မတရားသောသူတို့သည် မတရားသဖြင့် ပြုသော အဓမ္မအမှုရှိသမျှတို့၏ အပြစ်ကို၎င်း၊ မတရားသောလူဆိုးတို့သည် ဘုရားသခင်ကို ပြစ်မှား၍ ပြောသော ကြမ်းတမ်းသောစကားရှိသမျှတို့၏ အပြစ်ကို၎င်း ဘော်ပြခြင်းငှာ၊ အတိုင်းမသိများစွာသော မိမိသန့်ရှင်းသူတို့နှင့် တကွကြွလာတော်မူလိမ့်မည်ဟုပရောဖက်ပြု၍ဟောပြောလေ၏။

          ဓမ္မသစ်ကျမ်းရေးသားသူများ၊ ယေရှုခရစ်တော်၏ တပည့်တော်များကိုယ်တိုင်လည်း ခရစ်တော် ပြန်ကြွ လာမည်ဟု သက်သေခံကြသည်။ သခင်ယေရှုခရစ်တော်ကိုယ်တော်တိုင်ပင်လျှင် နောက်တဖန်ကြွလာခြင်း တစ်နည်းအားဖြင့် ဒုတိယအကြိမ်ကြွလာခြင်းနဲ့ပတ်သက်ပြီး မည်သို့သတိပေးထားသနည်းကိုဆက်မကြည့့်ခင် ယုံကြည်သူတို့အနေဖြင့် ဒုတိယအကြိမ်ကြွလာခြင်းနှင့် ချီဆောင်ခြင်းကို သေချာရှင်းလင်းစွာသိမြင်နားလည်ဖို့လိုပါသည်။
           ဒုတိယအကြိမ်ကြွလာခြင်းဆိုသည်မှာအဘယ်နည်း။ ချီဆောင်ခြင်းဆိုတာ ဘာကိုဆိုလိုတာသလဲ အရင်သိဖို့လိုပါသည်။ဒုတိယ အကြိမ်ကြွလာခြင်းနှင့် ချီဆောင်ခြင်း သည်မည်သည်က အရင်ဖြစ်မည်နည်း။ ဒုတိယအကြိမ်ကြွလာခြင်း ဘယ်တော့ဖြစ်မလဲ။ ချီဆောင်ခြင်း ဘယ်တော့ဖြစ်မလဲ စသည်တို့ကို အရင်လေ့လာကြည့်ရအောင်။ ဒုတိယအကြိမ်ကြွလာခြင်းဆိုသည်မှာ ခမည်းတော်ဘုရားသခင်ပေးသော ထာ၀ရအသက်တည်းဟူသော လူသားအားလုံးကိုအပြစ်ငရဲမှ ကယ်ချွတ်မည့် ကယ်တင်ရှင်ဖြစ်သော တပါးတည်းသောသားတော် ယေရှုခရစ်တော်ကို ခန္ဓာ စိတ် ဝိညာဉ်၌ ငြင်းပယ်သောလောကသားတိုင်းအတွက် ဘုရားသခင်၏ အမျက်တော်သွန်းလောင်းရာကာလ ဘေးဒဏ်ကာလ ခုနစ် (ပထမ - သုံးနှစ်ခွဲ ၊ ဒုတိယ -သုံးနှစ်ခွဲ) ပြီးပြီးချင်း သခင်ယေရှုခရစ်တော်သည် သန့်ရှင်းသူများနှင့်အတူ ဤကမ္ဘာမြေကို ဆင်းသက်ကြွလာပြီး သူ၏ရန်သူများကို အောင်မြင်ချေမှုန်းအနိုင်ယူကာ ဤကမ္ဘာကြီးကို နှစ်ပေါင်း ၁၀၀၀ အုပ်စိုးဖို့ရန်အတွက် ဖြစ်သည်။
          ဤသည်မှာ ဘေးဒဏ်ကြီးကာလအဆုံးဖြစ်ပြီး ယေရှု ခရစ်တော် ဤကမ္ဘာမြေကြီးပေါ်မှာ 
အုပ်စိုးမည့် နှစ် ၁၀၀၀ကာလအစဦးလဲဖြစ်သည်။ ဤသည်မှာ ဘေးဒဏ်ကြီးကာလအဆုံးဖြစ်ပြီး ယေရှု ခရစ်တော် ဤကမ္ဘာမြေကြီးပေါ်မှာ အုပ်စိုးမည့် နှစ် ၁၀၀၀ကာလအစဦးလည်းဖြစ်သည်။ 
          ချီဆောင်ခြင်းဆိုသည်မှာ ဘေးဒဏ်ကြီးကာလမလာခင် ခမည်းတော်ဘုရားသခင်၏အမျက်တော်သွန်းလောင်းခါနီး ဆဲဆဲတွင် ယေရှု ခရစ်တော်သည် ဘုရားသခင်၏ ဂရုဏာတော်ဖြစ်သော လူသားတို့အပြစ်ကိုချေဖျက်ပြီး ကောင်းကင်နိုင်ငံထဲသို့ သွင်းပေးမည့်စေလွှတ်တော်မူသော ကယ်တင်ပိုင်ရှင် ယေရှုခရစ်တော်ကို ယုံကြည်လက်ခံ သိကျွမ်းသွားလာသူများကို လာရောက်ချီဆောင်မည်ကိုမျှော်လင့်သောသူတိုင်းကိုသာလျှင်ဘုရားသခင်၏ကျေးဇူးတော် သားတော်အထဲ၌ ဖွက်ထားသော ထာ၀ရ အသက်ကို မငြင်းပယ်သောသူကိုသာလျှင် ချီဆောင်သိမ်းဆည်းပြီး စစ်မှန်သောဘုရားသားသမီးယုံကြည်သူများကို ငြင်းဆန်သောသူများနှင့် ခွဲခြားချီဆောင်၍ ကောင်းကင်၌သိုးသငယ်မင်္ဂလာဆောင်ပွဲကို ဆက်လက်ကျင်းပပြီး ဆုလာဘ်များကို ချီးမြှင့်ဆင်နွဲကြမည်ဖြစ်သည်။ 
          (၂သက် ၁း၆-၈) - အဘယ်သို့နည်းဟူမူကား၊ သခင်ယေရှုသည် တန်ခိုးရှိသော ကောင်းကင်တမန်တို့နှင့်အတူ၊ ကောင်းကင်ဘုံက ပေါ်ထွန်းတော်မူ၍၊ ဘုရားသခင်ကို မသိသောသူ၊ ငါတို့သခင်ယေရှုခရစ်၏ ဧဝံဂေလိ တရားကို နားမထောင်သောသူတို့ကို မီးလျှံအားဖြင့် ဒဏ်ပေးတော်မူသောအခါ၊ သင်တို့ကို ဆင်းရဲစေဘူးသော သူတို့၌ဆင်းရဲခြင်းကို၄င်း၊ ဆင်းရဲခံရဘူးသော သင်တို့၌ ငါတို့နှင့်အတူ ချမ်းသာခြင်းကို၄င်း၊ ဘုရားသခင် ဆပ်ပေး၍ တရားသဖြင့် စီရင်တော်မူလိမ့်မည်။
          (ဗျာဒိတ်ကျမ်း ၁း၇) - ကြည့်ရှုလော့။ မိုဃ်းတိမ်နှင့်တကွ ကြွလာတော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ထိုးဖောက်သော သူတို့နှင့် ရှိသမျှသောသူတို့သည် ကိုယ်တော်ကို ရှုမြင်ရ ကြလိမ့်မည်။ မြေကြီးသားအမျိုးမျိုးရှိသမျှတို့သည် ကိုယ်တော်ကြောင့် ငိုကြွေးမည်တမ်းရကြလိမ့်မည်။ မှန်ပေ၏။ အာမင်။
          (ရှင်မဿဲ ၁၆း၂၇) - လူသားသည် မိမိအဘခမည်းတော်၏ ဘုန်းအာနုဘော်ကိုဆောင်လျက်၊ ကောင်းကင်တမန် အခြံအရံ တို့နှင့် ကြွလာတော်မူလတံ့။ ထိုအခါ သူအသီးသီးကျင့်သောအကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ဆပ်ပေး တော်မူလတံ့။
          ချီဆောင်ခြင်းဆိုသည်မှာ ဘေးဒဏ်ကြီးကာလမလာခင် ခမည်းတော်ဘုရားသခင်၏အမျက်တော်သွန်းလောင်းခါနီးဆဲဆဲတွင် ယေရှုခရစ်တော်သည် ဘုရားသခင်၏ဂရုဏာတော်ဖြစ်သော လူသားတို့အပြစ်ကို ချေဖျက်ပြီး ကောင်းကင်နိုင်ငံထဲသို့ သွင်းပေးမည့်စေလွှတ်တော်မူသော ကယ်တင်ပိုင်ရှင် ယေရှုခရစ်တော်ကို ယုံကြည်လက်ခံ သိကျွမ်းသွားလာသူများကို လာရောက်ချီဆောင်မည်ကို မျှော်လင့်သောသူတိုင်းကိုသာလျှင် ဘုရားသခင်၏ကျေးဇူးတော် သားတော်အထဲ၌ ဖွက်ထားသောထာ၀ရအသက်ကို မငြင်းပယ်သောသူကိုသာလျှင် ချီဆောင်သိမ်းဆည်းပြီး စစ်မှန်သောဘုရားသားသမီးယုံကြည်သူများကို ငြင်းဆန်သောသူများနှင့် ခွဲခြားချီဆောင်၍ ကောင်းကင်၌သိုးသငယ်မင်္ဂလာဆောင်ပွဲကို ဆက်လက်ကျင်းပပြီး မြေကြီးပေါ်၌အသက်ရှင်စဉ် ဘုရားရှင်၏အလိုတော်နှင့်အညီ စေခိုင်းသောတာ၀န်လုပ်ငန်း ဆောင်တာများကို ကျေပွန်စွာ လုပ်ဆောင်ပြီးမပြီး လုပ်ဆောင်မလုပ်ဆောင် မိမိဇာတိ အလိုဆန္ဒများကိုငြင်းပယ်ပြီး ဘုရားရှင်ထမ်းစေလိုသော မိမိကားတိုင်ကို ထမ်းမထမ်းပေါ်မူတည်၍ မိမိလုပ်ခဲ့သည့် အမှုအရာအသီးအသီး အလုပ်အသီးအသီးတို့ကို ဘုရားသခင်၏မီးသည် စစ်ကြောစုံစမ်း ထင်ရှားလိမ့်မည်။ ဆုလာဘ်များကိုလည်း ချီးမြှင့်ဆင်နွဲကြမည်ဖြစ်သည်။ 
          (၁ သက် ၄း၁၆-၁၇) - သခင်ဘုရားသည် ကြွေးကြော်ခြင်း၊ ကောင်းကင်တမန်မင်းအသံပေးခြင်း၊ ဘုရားသခင်၏ တံပိုးတော် ကို မှုတ်ခြင်းနှင့်တကွ၊ ကောင်းကင်ဘုံမှ ကိုင်တိုင် ဆင်းသက်တော်မူ၍၊ ခရစ်တော်၌ သေလွန်သောသူတို့သည် အဦးထမြောက်ကြလိမ့်မည်။ ထိုအခါ အသက်ရှင်၍ ကျန်ကြွင်းသော ငါတို့သည် အာကာသကောင်းကင်၌ သခင်ဘုရားထံတော်သို့ ရောက်စေခြင်းငှါ၊ ထိုသူတို့နှင့်တကွမိုဃ်းတိမ်ပေါ်သို့ ချီဆောင်ခြင်းကို ခံရသောအားဖြင့် သခင်ဘုရားနှင့် အတူ အစဉ်မပြတ် နေရကြလိမ့်မည်။
          (၂ ကော ၅း၁၀) - အကြောင်းမူကား၊ ငါတို့ရှိသမျှသည် ကိုယ်ခန္ဓာ၌ကျင့်သောအကျင့်၊ ကောင်းမကောင်းရှိသည်အတိုင်း အကျိုးအပြစ်ကို အသီးအသီးခံခြင်းငှါ၊ ခရစ်တော်၏ တရားပလ္လင်ရှေ့၌ ပေါ်လာရကြမည်။
          (၁ ကော ၃း၁၀-၁၅) - ဘုရားသခင်၏ကျေးဇူးတော်ကို ငါခံရသည်နှင့် အညီ၊ လိမ္မာသော ဗိသုကာကဲ့သို့ တိုက်မြစ်ကိုချပြီ။ အခြားသောသူသည် ထပ်ဆင့်၍ တည်ဆောက်လေ၏။ သို့ရာတွင်၊ အဘယ်သို့ ထပ်ဆင့်၍ တည်ဆောက်သည်ကို လူတိုင်းသတိပြုပါစေ။ အကြောင်းမူကား၊ ယေရှုခရစ်တည်းဟူသော၊ ချလျက်ရှိသော တိုက်မြစ်မှတပါး အခြားသော တိုက်မြစ်ကို အဘယ်သူမျှ မချနိုင်။ ထိုတိုက်မြစ်အပေါ်၌ ရွှေ၊ ငွေ၊ ကျောက်ကောင်း၊ သစ်သား၊ မြက်ပင်၊ ကောက်ရိုးများကို ထပ်ဆင့်၍ တည်ဆောက်သောသူရှိသမျှ၊ အသီးသီးလုပ်သော အလုပ်သည် ထင်ရှားလိမ့်မည်။ အဘယ်သို့နည်းဟူမူကား၊ ဘော်ပြချိန် နေ့ရက် သည် မီးအားဖြင့် ထင်ရှားစေလိမ့်မည်။ လူတိုင်းလုပ်သောအလုပ်သည် အဘယ်သို့သော အလုပ်ဖြစ်သည်ကို မီးသည်စစ်ကြောစုံစမ်းလိမ့်မည်။ ထိုတိုက်မြစ်အပေါ်၌ ထပ်ဆင့်၍ တည်ဆောက်သော အကြင်သူ၏ အလုပ်သည်မြဲ၏။ ထိုသူသည် အကျိုးကို ခံရလိမ့်မည်။ အကြင်သူ၏အလုပ်သည် ကျွမ်းလောင်၏၊ ထိုသူ သည် အရှုံးခံရလိမ့်မည်။ သို့သော်လည်း၊ မီးနှင့်လွတ် သကဲ့သို့ သူသည် ကယ်တင်ခြင်းသို့ ရောက်လိမ့်မည်။
          ဒုတိယအကြိမ်ကြွလာခြင်းနှင့် ချီဆောင်ခြင်းသည် ချီဆောင်ခြင်းအရင်လာမည်ဖြစ်သည်။ မိမိသားသမီးများကို မြန်မြန်ကယ်ပြီး ကောင်းကင်၌ သေချာစွာ လုံခြုံစွာဖွက်ထားရန်အရင်လာမည်။ သေချာစွာသိမ်းဆည်းချီဆောင်ပြီးသည်နှင့် ကောင်းကင်အောက်အရပ်၌ ဘုရားသခင်၏ကျေးဇူးတော်ကို ငြင်းပယ်နောင်တမရ၊ စော်ကားမာနထောင်လွှားအကျင့်စရိုက်ဆိုးသွမ်း ဘုရားသခင်၏ဂရုဏာတော်ကို ခေတ်အဆက်ဆက်ငြင်းပယ်ခဲ့သူတို့အဖို့ အမျက်တော်ကို ဆာလောင်သူတို့ကာလဖြစ်ဖို့ သမ္မာကျမ်းစာပါ ဗျာဒိတ်ကျမ်း၌ အတိအလင်းဖော်ပြထားပါသည်။ 
          စစ်မှန်သောယုံကြည်သူတို့အဖို့အလို့ဌာ ဘေးဒဏ်ကြီးကာလနှင့်မည်သည့်နည်းဖြင့်မျှ မသက်ဆိုင်ပါသောကြောင့် အထူးစိုးရိမ်စရာမလိုပေ။ သို့သော် မိမိ မိသားစု ဆွေမျိုးအပေါင်းအသင်း မိတ်ဆွေများအတွက် ကယ်တင်ခြင်းကိုယုံကြည်လက်ခံဖို့ရန်သာ ၀န်တာထား အစေခံကြဖို့လိုပါသည်။ ယခုပင်လျှင် ချီဆောင်ခြင်း အလွန့်အလွန်နီးကပ်နေပြီဖြစ်သောကြောင့် ယေရှု ခရစ်တော်ပြောသော နိမိတ်လက္ခဏာများလဲ ပြည့်စုံနေပြီဖြစ်သည်။ 
          (ရှင်မဿဲ ၂၄း၃-၁၄) - ထိုနောက် သံလွင်တောင်ပေါ်မှာ ထိုင်တော်မူစဉ်၊ တပည့်တော်တို့သည် အခြားသူမပါဘဲချဉ်းကပ်၍၊ ထိုအမူအရာတို့သည် အဘယ်ကာလမှ ဖြစ်မည်ကို၄င်း၊ ကိုယ်တော်သည်ကြွလာ၍ ဤကပ်ကမ္ဘာကုန်သော ပုပ္ပနိမိတ်သည် အဘယ်နိမိတ်ဖြစ်မည်ကို၄င်း အမိန့်ရှိတော်မူပါဟု လျှောက်ကြ၏။ ယေရှုကလည်း၊ သင်တို့ကို အဘယ်သူမျှ မလှည့်ဖြားစေခြင်းငှါ သတိပြုကြလော့။ အများသောသူတို့က၊ ငါသည် ခရစ်တော်ဖြစ်၏ဟု ဆိုလျက်၊ ငါ၏အယောင်ကိုဆောင်၍ ပေါ်လာသဖြင့် လူအများတို့ကို လှည့်ဖြားကြလိမ့်မည်။ သင်တို့သည် စစ်တိုက်ခြင်းအကြောင်းကို၄င်း၊ စစ်တိုက်အံ့သော သိတင်းစကားကို၄င်း ကြားရကြလိမ့် မည်။ သို့သော်လည်း စိုးရိမ်တုန်လှုပ်ခြင်းမရှိစေခြင်းငှါ သတိပြုကြလော့။ ထိုအမူအရာများသည်ဖြစ်ရမည်။ သို့သော်လည်း အဆုံးသည်မဖြစ်သေး။ လူတမျိုးနှင့်တမျိုး တနိုင်ငံနှင့်တနိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်။ အရပ်ရပ်တို့၌ အစာခေါင်းပါးခြင်း၊ ကာလနာများပြားခြင်း၊ မြေကြီးလှုပ်ခြင်းတို့သည် ဖြစ်ကြလိမ့်မည်။ ထိုအမူအရာတို့သည် ဒုက္ခဆင်းရဲခြင်း၏ အစအဦးပင်ဖြစ်သတည်း။ ထိုကာလ၌ လူများတို့သည် သင်တို့ကိုညှဉ်းဆဲခြင်း၊ အသေသတ်ခြင်းကိုခံစေခြင်းငှါ အပ်နှံကြလိမ့် မည်။ ငါ၏နာမကြောင့်လည်း ခပ်သိမ်းသောလူမျိုးတို့သည် သင်တို့ကို မုန်းကြလိမ့်မည်။ ထိုကာလ၌ အများသောသူတို့သည် ဖောက်ပြန်ခြင်းသို့ရောက်၍၊ အချင်းချင်းတယောက်ကိုတယောက် အပ်ကြလိမ့်မည်။ အချင်းချင်မုန်းကြလိမ့်မည်။ မိစ္ဆာပရောဖက်အများတို့သည် ပေါ်လာ၍လူအများတို့ကို လှည့်ဖြားကြ လိမ့်မည်။ မတရားသောအမှုတို့သည်များပြားသဖြင့် အများသောသူတို့၏ ချစ်ခြင်းမေတ္တာသည် ခေါင်းပါးလိမ့် မည်။ အကြင်သူသည် အဆုံးတိုင်အောင်တည်ကြည်၏။ ထိုသူသည် ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။ လူမျိုးအပေါင်းတို့အား သက်သေဖြစ်မည်အကြောင်း နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည်ဖြစ်လတံ့။
          မိမိကိုယ်ကိုချီဆောင်ခြင်းအတွက်ပြင်ဆင်ပါ။ မိမိအသက်တာ အရင်စစ်ဆေးပါ။ မိမိနှင့်အနီးဆုံးရှိသူများကိုစစ်ဆေးပါ။
၁) မိမိအပြစ်အားနည်းချက်များကိုနောင်တရပြီးယေရှု ခရစ်တော်ကို မိမိ၏စိတ်နှလုံးထဲ၌ ကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်လက်ခံပြီး နှုတ်ဖြင့်၀န်ခံခေါ်ဖိတ်လက်ခံပြီးပါပြီ လား
၂) စိတ်ဝိညာဉ်ထဲ၌ သားတော်ယေရှုဘုရားကို ယုံကြည်လက်ခံခြင်း အတွင်းသက်သေရှိပါပြီလား
၃) သန့်ရှင်းသောဝိညာဉ်တော်၌ နှစ်ခြင်း (သန့်ရှင်းသောဝိညာဉ်တော်ဘုရား၏ အုပ်စိုးပိုင်သလမ်းပြပေးမှုကို သင်ခံယူနေပါသလား)
၄) ဘုရားရှေ့လူရှေ့၌ ယေရှု ခရစ်တော်ကို မိမိကယ်တင်ပိုင်ရှင်အဖြစ်ယုံကြည်လက်ခံကိုးကွယ်ကြောင်း သက်သေထူပါပြီလား
၅) နောင်တရခြင်းနှင့်စပ်ဆိုင်သော
အကျင့် (သန့်ရှင်းဖြောင့်မတ်သောအကျင့်များကို ခရစ်တော်အထဲ၌လူသစ်ဖြစ်ခြင်းအားဖြင့် ဝိညာဉ်တော်၏ခွန်အားဖြင့် လိုက်လျှောက်နေပါပြီလား)
၆) မိမိ၏ဇာတိအလိုဆန္ဒများကိုငြင်း ပယ်ပြီး အဖဘုရားထမ်းစေလိုသောမိမိကားတိုင်ကို ထမ်းနေပါပြီလား
၇) သန့်ရှင်းသောဝိညာဉ်တော်ဘုရား၏ဦးဆောင်လမ်းပြမှုဖြင့် ကိုယ်တော်စေခိုင်းသောအမှုတော်မြတ်၌ မိမိတတ်စွမ်းနိုင်သလောက် တစိတ်တပိုင်းပါ၀င်ဆောင်ရွက်နေပါပြီလား
၈) မိမိ၏ ခန္ဓာ စိတ် ဝိညာဉ်ကို ဘုရားရှင်၏သန့်ရှင်းခြင်း၌ ရာနှုန်းပြည့် ဆက်ကပ်အပ်နှံအသက်ရှင်နေပါပြီလား
၉) ယေရှု ခရစ်တော်၏ ချီဆောင်သိမ်းဆည်းခြင်းကို မျှော်လင့်တောင်းတသောသူဖြစ်နေပါပြီလား ဤအချက်များဖြင့် အချိန်မီသုံးသပ်ကာလုပ်ဆောင်နိုင်စေရန် ရည်ရွယ်ပါသည်။
          (တိတု ၂း၁၁-၁၄) - အကြောင်းမူကား၊ မင်္ဂလာရှိသော မျှော်လင့်ရာကို၄င်း၊ကြီးမြတ်သော ဘုရားသခင်တည်းဟူသော၊ ငါတို့ကို ကယ်တင်တော်မူသော အရှင်သခင် ယေရှုခရစ်၏ ဘုန်းအသရေတော် ထင်ရှားပေါ်ထွန်းခြင်းကို၄င်း၊ ငါတို့သည် မြော်လင့်လျက်၊ ဘုရားမဲ့ တရားမဲ့နေခြင်း၊ လောကီတပ်မက်ခြင်းကို ပယ်ရှားလျက်၊ ယခု ဘဝ၌ ဣနြေ္ဒစောင့်ခြင်း၊ တရားသဖြင့်ကျင့်ခြင်း၊ ဘုရားဝတ်၌မွေ့လျှော်ခြင်းတို့ကို ပြုနေရမည်အကြောင်း၊ ငါတို့ကို ဆုံးမသွန်သင်၍၊ လူအပေါင်းတို့ကို ကယ်တင်တတ်သော ဘုရားသခင်၏ကျေးဇူးတော်သည် ထင်ရှား ပေါ် ထွန်းလျက်ရှိ၏။ ထိုသခင်ယေရှုခရစ်သည် ခပ်သိမ်းသော ဒုစရိုက်မှ ငါတို့ကို ရွေးနှုတ်ခြင်းငှါ၄င်း၊ ကောင်းသော အကျင့်ဘက်၌ စိတ်အားကြီး၍၊ ပိုင်ထိုက်တော်မူသော အမျိုးကိုမိမိအဘို့ စင်ကြယ်စေခြင်းငှါ၄င်း၊ ကိုယ်ကို ကိုယ် စွန့်ကြဲတော်မူပြီ။
          စစ်မှန်သောယုံကြည်သူ သတို့သမီးအသင်းတော်များ မိမိကိုယ်ကိုယ် သန့်ရှင်းစေပြီး သတို့သမီးနှင့်လျှော်ညီသော တန်ဆာဆင်ခြင်း ပြင်ဆင်ခြင်းများဖြင့် သတို့သားအလာကိုမျှော်လင့်ဆာငတ်ပြီး ဘုရားဝတ်၌ ဣန္ဒြေစောင့် ဆုတောင်းအားကြီးပါမည်အကြောင်း ချစ်သောစိတ်စေတနာဖြင့် တိုက်တွန်းနှိုးဆော်လိုက်ရပါ၏။  


အစ်စတဲလ်