ခါနန်ကိုသာ ရှေ့ရှုရာ

    ပူပြင်းတဲ့နေအပူရှိန်ကြောင့် စာရေးသူရဲ့ လွမ်းဖွဲ့သီထားတဲ့သီချင်းတို့ နောက်ကျိကုန်တယ်။ တကယ်ဆို ကြည်နူးစွာစာရေးရင်း တေးသီနေရမှာ။ မိုးလေးဖွဲဖွဲနဲ့အတူပေါ့လို့ ရင်တွင်းအသံပြုရယူချင်မိ သည်လေ။ ကော်ဖီတခွက်ကို စားပွဲပေါ်တင်ရင်းက လူမှုကွန်ယက်စာမျက်နှာကို ဖွင့်လိုက်မိသည်။

          တောင့်တနေသောမိုးသည် အုံ့ဆိုင်းလာသော တိမ်မည်းညိုများမှတဆင့် အသံပြုလျက်ခုန် ဆင်းလာလေသည်။ လူတိုင်းမျှော်လင့်နေသောမိုး သည် ရောက်လာခဲ့ပေပြီ။

          စာရေးသူ ကော်ဖီတငုံကို သောက်လိုက်ရင်းက  Facebook စာမျက်နှာများကို   စတင်ကြည့်ရှုမိ သည်။           မိုးကြောင့် ပျော်သူများရှိသလို၊ မိုးကြောင့် ညည်းတွားသူများ ရှိနေပြန်သည်ကို တွေ့လိုက်ရသည်။ စာရေးသူလည်း ထိုသို့ ဖြစ်ဖူးသည်လေ...။

          တောင့်တနေတုန်းမှာ   ၀ုန်းကနဲ  သွန်းဖြိုးခဲ့လေတော့ ကာထားလည်းမရ။ စိုရွှဲ ဖရိုဖရဲနဲ့ အဟန့် အတားမရှိ။ ပြိုကာကျရတော့ ဒီမိုးနှယ်  လုပ်လိုက်မှဖြင့် ရမ်းနင်းကာနှောလို့ ဗျစ်တောက် ဗျစ်တောက် ပြောဆိုရင်းက လန်သွားသောခေါင်မိုး ပြိုလဲသော တံစက်မြိတ် သုံးမရသောလျှပ်စစ်မီး။ ထိုအထွေထွေနှင့် ခါးထောက် တောက်ခေါက်ပြစ်တင်နေသော လူ တစုအ၀င် ဖြစ်ခဲ့ဖူးတာကို ပြန်မြင်ယောင်မိသည်။

          ခက်တော့ခက်သည်... ။ လူဆိုသည်ကလို တမျိုး... မလိုတမျိုးနှင့် ရောင့်ရဲခြင်းကို အဖက်မလုပ်။ ရလိုမှုကို ရှေ့ရှုရင်း လိုတာမရ ရတာမလိုနဲ့ သခင့်ကျေးဇူးတော်အောက် နေရာကျသည့်တိုင် မကျေနပ်နိုင်သည်က အကြိမ်ကြိမ်လေ။

          ကျေးဇူးသိတတ်ခြင်း ပါမလာသော ဇာတိလူသား၌ ရှေ့ရှုရာက မြေခန္ဓာအတွက် အဦးပြုသူမို့ တင်းတိမ်ခြင်းနှင့် နေ့စဉ်ရန်ဘက်ပြုလျက် ပျော်မွေ့တတ်သည်လေ။ အချိန်မှန်စားရသော မန္နမုန့်ထက် အမဲသားကိုတမ်းတတတ်သည့်လူမျိုး။လွတ်မြောက် ခြင်းရဲ့ နို့နှင့်ပျားရည်စီးရာနေရာကို မျှော်လင့်ခြင်း ထက် ကျွန်ခံရာပြည်ရှိ သင်္ချိုင်းမြေကိုသာ တမ်းတတတ်သည်။

          ထိုလူမျိုးတို့အပါအ၀င်  ယုံကြည်သူတို့သည် လောကကြီးထဲမှာ   နေရာကျသောအခါ     သခင်ရဲ့

ကောင်းမြတ်ခြင်းသက်သေများ  စီးထွက်မည့်အစား လောကီသားများရဲ့သဏ္ဍာန်စီးဝင်ခြင်းကို ခံယူလျက်

သခင့်ဘုန်းကို ကွယ်စေကြပြီ။

          စာရေးသူ၏အတွေးကို Facebookပေါ်မှရွေ့ကာ ကော်ဖီခွက်ကိုလှမ်းယူကာ တငုံငုံလိုက်မိသည်။ အေးစက်နေသောကော်ဖီများက အချိန်တခု ရဲ့   တိုက်စားခြင်းအောက်မှာ    အရသာပျောက်ခဲ့ပြီလေ။

          ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် ချီးမွမ်းတတ်ဖို့ သင်ယူရဦးမည်။ သခင့်ကောင်းမြတ်ခြင်းကို  ဆင်းရဲ ကောင်းမြတ်ခြင်းကို ဆင်းရဲခံနေလျှင်လည်း  နှုတ်မြွက်နိုင်ဖို့ ပြင်ဆင်ရဦးမည်။ သခင်က ပြင်ဆင်ထားသော ခါနန်ပြည်သို့ မရောက်မချင်း သခင့်ကတိကိုသာ မျက်မှောက်ပြုလျက် လမ်းပြတော်မူသော နေ့အချိန် မိုးတိမ်တိုက်နှင့် ညအချိန် မီးတိုင်တို့ကို သိမြင်လျက် ချီးမွမ်းနိုင်ဖို့ စာရေးသူကိုယ်တိုင် နာခံမှုနှင့် လိုက်လျှောက်ရဦးမည်သာ... ။

ချစ်ခြင်းဖြင့်သာ နှိုးဆော်ရာ

မေနှင်း (ပျိုးပင်ငယ်)