အီသန်ရေ အချစ်ကို နင်ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုလဲဟင်
နင့်အတွက် အချစ်ဆိုတာ
သူမရဲ့မျက်ဝန်းနက်နက်လေးတွေလား
သူမရဲ့ ဆံနွယ်ရှည်ရှည်လေးတွေလား
သူမရဲ့ စကားချိုချိုလေးတွေလားဟင်
အီသန် ငါ့အတွက်တော့ အချစ်ဆိုတာ
သဘာဝတရားရဲ့ အလှတရားတခုပဲ
အချစ်ကို ခံစားမိရုံနဲ့တင်
မြင်မြင်သမျှဟာ သိပ်ကိုလှတယ်
ဘုရားသခင်ဖန်ဆင်းထားတဲ့
အပြာရောင်ကောင်းကင်ကြီးဟာလည်း အရမ်းလှတယ်
ကောင်းကင်မှာ ပျံဝဲနေတဲ့
ငှက်ငယ်ကလေးတွေကို ငေးကြည့်ရတာလည်း ပီတိဖြစ်ရတယ်
မွှေးပျံ့တဲ့ရနံ့နဲ့
ပန်းကလေးတွေဟာလည်း အရောင်အသွေးအမျိုးမျိုးနဲ့ သိပ်ကိုလှပတယ်
အီသန် ငါဟာပန်းကလေးတပွင့်ဖြစ်တယ်ဆိုပါစို့
အဲဒီပန်းကလေးဟာ
နင်တယောက်တည်းအတွက်ပဲ ဖူးပွင့်လာခဲ့တယ်ဆိုတာကို
နင်ယုံကြည်ထားပေးပါ
အီသန် ငါ့မှာလေ
နင်နဲ့ကောင်းကင်ကြီးတခုထဲအောက်မှာ အတူရှိတယ်ဆိုတဲ့ အသိနဲ့တင်
တိုးဝှေ့လာတဲ့လေညှင်းကအစ ငါ့မှာ
ချစ်တတ်ခဲ့ရတယ်
ငါတို့
လေအတူတူရှူနေကြတယ်ဆိုတဲ့အသိနဲ့တင် ကျေနပ်ရတယ်
အီသန် အချစ်က အလှတရားတခုတင်မကဘူး
အံ့သြဖို့လည်းကောင်းသေးတာ သိလား
ခပ်စွာစွာနဲ့
မဟုတ်မခံပြန်ခံပြောတတ်တဲ့၊ ဒေါသလည်းကြီးတတ်တဲ့ ကောင်မလေး ငါဟာ
နင်နဲ့ပတ်သတ်ပြီး အချစ်ကို
ခံစားမိတဲ့အချိန်ကစလို့ ယုန်သူငယ်လေးလိုမျိုး
အဖြူရောင်လေးလို ဖြစ်ချင်မိခဲ့တာ
နင်သိလား
ငါအဲဒီနောက်ပိုင်း မစွာတတ်တော့ဘူး
သည်းခံတတ်လာတယ်
စိတ်ရှည်တတ်လာတယ်
ဒေါသကိုလည်း ထိန်းသိမ်းတတ်လာတယ်
ငါနင့်ရှေ့မှာ
အဖြူရောင်လေးဖြစ်ချင်လို့ ငါ့စိတ်တွေကို ငါပြင်ဆင်ပြီး နေထိုင်ခဲ့မိတယ်
အီသန် အဲဒီအချစ်ဆိုတာကြီးက
ငါ့အတွက်တော့ သိပ်ကို အံ့သြဖို့ကောင်းခဲ့တာ
နင့်မျက်စိရှေ့မှာ ပြီးပြည့်စုံတဲ့
မိန်းကလေးဖြစ်ဖို့ ကြိုးစားရင်းနဲ့ ငါလေ
အလှတွေလည်း ပြင်ဆင်တတ်လာတယ်
နင်သတိရောထားမိရဲ့လား
အရင်က ငါဟာ သနပ်ခါးဘဲကြားလေးနဲ့လေ
နင့်ကိုချစ်မိသွားတဲ့နောက်မှာတော့
ငါဟာ နင့်ရဲ့ရှေ့မှာ ထူးခြားစွာနဲ့
လှချင်လာတော့တာပါပဲ
မလူးတတ် မလိမ်းတတ်နဲ့
မိတ်ကပ်တွေနဲ့ငါ့မျက်နှာကို ခြယ်သတတ်လာတာဟာလည်း
အချစ်ကြောင့်ပေါ့
အီသန် မြင်မြင်သမျှကို
ချစ်စရာလို့မြင်လာတာဟာလည်း အချစ်ကြောင့်ပါပဲ
ငါ့ရဲ့ မကောင်းတဲ့စိတ်ကလေးတွေကို
ပြန်ပြုပြင်ခဲ့တာလည်း အချစ်ကြောင့်ပါပဲ
လှပချစ်စိတ်တွေဖြစ်တည်လာတာဟာလည်း
အချစ်ကြောင့်ပါပဲ
အီသန် အချစ်ဟာ အရာရာကို
ပြောင်းလဲစေနိုင်ပါတယ်
ဒါကိုတော့ ငါဝန်ခံပါတယ် ။