ရိုးရှင်းလှတဲ့ မေးခွန်းတခုလေးပါပဲ။
ထောင်ခြောက်ကို ဘယ်လိုနားလည်ပါသလဲ။ ဘာအတွက်ကြောင့်များ
ထောင်ခြောက်လို့သုံးစွဲရတာပါလဲလို့ တွေးမိနေမှာပေါ့။ ထောင်ခြောက် ဆိုတဲ့အရာက
သားကောင်ဖမ်းဖို့လုပ်ထားတဲ့ ပစ္စည်းမို့လို့
ထောင်ခြောက်လို့သုံးနှုန်းရခြင်းဖြစ်ပါတယ်။
တကယ်တမ်းမေးချင်တာက
သားကောင်ဖြစ်ဖူးလား။
စီးပွားရေးလုပ်လို့ အကောင်းဆုံးသောအရာထဲမှာ
ဘာသာရေးကိစ္စမျိုးက ထိပ်ဆုံးမှာ နေရာဦးထားတယ်။ ဘာကြောင့်များပါလဲ။ အကြောက်တရား၊
အာဏာပါဝါ၊ ရာထူးရာခံ၊ သက်ရှည် ကျန်းမာလိုခြင်း၊ နာမည်ရလိုခြင်း၊
လူသိများလိုခြင်းစတဲ့အရာတွေကို ဖြေသိမ့်မှုပေးနိုင်တာက ဒီဘာသာရေးကိစ္စပဲရှိတာကိုး။
ဘာသာရေးဆိုတာ အထိမခံတဲ့ လက်ရာမြောက်ကြွေပန်းကန်လေးလိုပါပဲ။
ယုံကြည်စိတ်ပြင်းပြလွန်းလာရင် ရွှေကွပ်ထားကြရော။
ရှေးယခင်ကာလများတုန်းက
ဘာသာရေးဗန်းပြစီးပွားရေးလုပ်ကြလို့ ဘာသာရေး အဆောက်အအုံထဲက စီးပွားရှာနေသူတွေကို
သခင်ယေရှု မောင်းထုတ်ဖူးခဲ့တယ်။ သန့်ရှင်းရာမြေမှာ ဘာကြောင့်များ
ကိုယ်ကျိုးရှာစီးပွားရှာကြရသတုန်း။ အဖြေကတော့ အဲဒီလိုနေရာတွေမှာ လူစည်ကားတယ်လေ။
ခေတ်တွေတော့ ပြောင်းလဲသွားတယ်။
မျက်မှောက်ခေတ်မှာလည်း ဘုရားကျောင်းလိုနေရာမျိုးကို မျက်စိသိပ်ကြတဲ့
စီးပွားရေးသမားတွေ အများသားရှိနေတုန်း။ ၀တ်ပြုစည်းဝေးပွဲပြီးရင် ဘာအထည၊်
ဘာပစ္စည်း၊ ဘာလေးကိုဘယ်လိုရောင်းရမလဲဆိုပြီး စဉ်းစားတွေးတောနေတဲ့ ခရစ်ယာန်
စီးပွားရေးလုပ်ငန်းရှင်တွေ ဒုနဲ့ဒေးများလှပါတယ်။ ဘာတရားများရသွားမလဲ။ ဘာတွေ သံဝေဂ
ရသွားမလဲဆိုတာမျိုးကို ဆင်ခြင်နှလုံးသွင်းဖို့ထက် အူမတောင့်တင်း၊
လှပကြော့ရှင်းဖို့အစီအစဉ်ကို ပိုကြိုက်နေတတ်ကြတယ်။
မြန်မာနိုင်ငံရဲ့ခေတ်စနစ်ကို
လှန်လှောကြည့်မိရင် ပွဲကြိုက်ခင်များတာကို တွေ့ရှိရပါတယ်။ ၁၂လ ရာသီပတ်လုံး ပွဲတော်အတိဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့
ရိုးရာယဉ်ကျေးမှုတွေထဲတွင် ယုံကြည်သူများလည်း စီးနင်းမြောပါရင်းဖြင့်
မတူညီမကွဲပြားတဲ့ ခေါင်းစဉ်လှလှလေးတွေနဲ့ ခရစ်ယာန်ပွဲတော်တွေ ကျင်းပလာကြပါတယ်။ ပွဲတော်ဖြစ်သွားရင်ပြီးရော။ ပွဲတော်ထဲ
ပါဝင်ဆင်နွှဲလို့ရရင်ပြီးရော။ ပွဲတော်တွင်း ကိစ္စဖြစ်တဲ့
ကန့်လန့်ကာနောက်ကွယ်ကကိစ္စကို ဘယ်သူတဦးတယောက်ကမှ စိတ်မ၀င်စားအားပါ။ သေချာတာတခုက
ပွဲတော်ပြီးမြောက်သွားပြီးတဲ့နောက်မှာတော့ အရှုပ်အရှင်းပြဿနာ ဖြစ်လာတော့တာပဲ။
ဒီအတိုင်းဆို လိုက်ကာနောက်မှာ ဘာတွေဖြစ်နေတာပါလိမ့်။
ပွဲတော်ကျင်းပဖို့ ရံပုံငွေလိုအပ်ပါမယ်။
ပွဲမိန့်လိုအပ်ပါမယ်။ အခမ်းအနားကွပ်ကဲရေးအဖွဲ့ လိုအပ်ပါမယ်။
စက်ပစ္စည်းကိုင်ဆောင်သူ လိုအပ်ပါမယ်။ ပရိသတ်လိုအပ်ပါမယ်။ နောက်ကွယ်က
အားထုတ်ကြိုးပမ်းသူတွေ အများကြီးလိုအပ်ပါမယ်။ စေတနာ့ဝန်ထမ်းတွေလိုအပ်ပါမယ်။
မိုက်ခဲကိုယ်တော်လည်းလိုအပ်ပါမယ်။ ဒီလိုကိစ္စမျိုးကို စိတ်ကူးရူပါရုံကနေ
လက်တွေ့အကောင်အထည် ပေါ်လာအောင်လုပ်ပေးမဲ့ မန်နေဂျာတွေ အဓိကလိုအပ်ပါမယ်။
ဇာတ်သမားလိုအပ်ပါမယ်။ သရုပ်ဆောင်လည်း လိုအပ်သလို တီးဝိုင်းအဖွဲ့လည်း လိုအပ်ပါမယ်။
ဒါမျိုးကို ကျွမ်းကျင်နှံ့စပ်သူတွေရဲ့ အကူအညီလည်းလိုအပ်လှမှာပါ။ သေချာတာတခုကတော့
ပွဲတော်တွင်းမှာ တစ်စုံတခုဖြစ်ပျက်သွားမှကို ရမှာပါ။ ပရိသတ်က တစ်စုံတခုကို
မျှော်လင့်မျှော်ကိုးလို့ ပွဲတော်ကို လာကြတာလေ။ ဆိုတော့ကာ
လိုက်ကာနောက်ကွယ်ကလှုပ်ရှားမှုကို ကြည့်ရှုပြီး သားကောင်ဖြစ်ဖူးသလားဆိုတဲ့ အမေးကို
အဖြေပေးကြဦးစို့။