အီသန်သို့

အပြင်မှာ မိုးတွေရွာနေတယ်

ကော်ဖီတခွက်ကို လက်ထဲမှာ ကိုင်ထားရင်း

ငါနင့်ကို သတိရနေမိတယ်

အီသန်

အခုလောက်ဆို နင်ငါ့ကို မေ့လောက်ရောပေါ့

ငါ မှတ်မိသေးတယ် အီသန်

အဲဒီတုန်းက

ဆန်းဒေးစကူးအခန်းမှာ ဘာရယ်မဟုတ်ဘူး

နင်ငါ့ကိုပြုံးပြလိုက်တာ

ငါ့နှလုံးသားကောင်းကင်မှာ

ရင်ခုန်ခြင်းကြယ်စင်တွေ လင်းလက်သွားတာ

နင်သိမယ်မထင်ပါဘူးဟာ ။

နင့်အပြုံးတွေနဲ့ ငါ့နှလုံးသားကိုဖမ်းစားခဲ့ပြီးနောက်မှာ

နင့်အကြောင်းတွေပဲ

ငါ့ခေါင်းထဲရောက်လာတတ်တော့တာ ။

ပြုံးလိုက်တိုင်း ပါးချိုင့်လေးခွက်နေတတ်တဲ့ နင့်ပါးချိုင့်နှစ်ဖက်ထဲ

တခါတလေတော့လည်း ၀င်ပုန်းချင်မိတယ်

အီသန်

ငါနင့်အပေါ် အဖြူရောင်သံယောဇဉ်တွေထက် ကျော်လွန်နေခဲ့မိတာ

နင် သိများသိခဲ့မလား

နင် ရိပ်ကော ရိပ်မိခဲ့ရဲ့လား အီသန်ရယ်

နင်က ငါ့အတွက် ကြယ်ကလေးဆိုတော့လည်း

ငါ့မှာ မြေပြင်ကနေ ငေးပဲငေးကြည့်ခဲ့ရတယ်

အီသန် နင့်နာမည်လေးကို ခနခန ရေရွတ်ရတာ

ငါ့ရင်ကို နွေးထွေးသွားစေတယ်လေ

အီသန်ရယ် “မေတ္တာသည် စိတ်ရှည်တတ်၏”တဲ့

ငါနင့်ကို စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းခဲ့ပါသေးတယ်

နင်မှငါ့ကို မမြင်ခဲ့တာ

နင်မှငါ့ကို သူငယ်ချင်းထက် မပိုခဲ့တာပါ

နင့်အတွက်ဆိုပြီး ငါ့နှလုံးသားကို ခင်းကျင်းပေးခဲ့ပါသေးတယ်

အီသန်

နင် မမြင်ချင်ယောင်ဆောင်ခဲ့တာလား

သိရက်နဲ့ အဖက်မလုပ်ခဲ့တာလား အီသန်ရယ်

“ငါနင့်ကိုချစ်တယ်” ဒီစကားဟာ

မိန်းကလေးမို့ ပြောမထွက်ခဲ့တဲ့

စကားတခွန်းရယ်ပါ အီသန်

ဘုရားသခင်နဲ့ ငါ့ကိုယ်ငါကလွဲရင်

ဘယ်သူမှမသိတဲ့ နင့်အတွက် ရင်ဖွင့်စကားပါ

အရင်က ငါ့မျက်ဝန်းတွေမှာ နင့်အတွက်

ငါထားတဲ့ ချစ်ခြင်းတရားတွေကို

နင်ရှာဖွေတွေ့ရှိပါစေ

အီသန်ရယ်

အချိန်တွေ နောက်ဆုတ်ခိုင်းပြီး

ပြန်လည်ပြင်ဆင်ခွင့်ရှိမယ်ဆိုရင်လေ

မင်္ဂလာခန်းမထဲမှာ နင့်လက်ကိုတွဲပြီး

လျှောက်လှမ်းနေခဲ့တဲ့

အဖြူရောင်သတို့သမီးလေးက ငါဖြစ်ချင်ဖြစ်နေမှာ

မိုးလင်းကနေမိုးချုပ်တဲ့အထိ နင့်မျက်နှာကို

မော်ဖူးခွင့်ရတဲ့ နင့်ဇနီးလေးဟာ ငါဖြစ်ချင်ဖြစ်နေမှာ

တနင်္ဂနွေနေ့တွေမှာ နင်နဲ့အတူ ဘုရားဝတ်ပြုခွင့်ရတဲ့

အမျိုးသမီးလေးဟာ ငါဖြစ်ချင်ဖြစ်နေမှာ

အခုလို မိုးတွေရွာနေတဲ့အချိန်မှာ

မိုးခြိမ်းသံကြောက်လို့ဆိုပြီး နင့်ရင်ခွင်ထဲ ၀င်ပုန်းနေတဲ့

ကောင်မလေးဟာ ငါဖြစ်ချင်ဖြစ်နေမှာ

နင်နဲ့အတူတူ ကော်ဖီပူပူလေးတခွက်ကို

နှစ်ယောက်အတူ သောက်ခွင့်ရချင်ရနေမှာ

အခုတော့ အီသန်ရယ်

နံရိုးရှင်က ငါမဟုတ်ခဲ့တော့လည်း

မိုးတွေပြိုရင် ငါ့မှာ ငိုပြီး

နင့်ကိုလွမ်းဖို့ပဲ တတ်နိုင်ပါတော့တယ် ။

ဆားတစ်ပွင့်