The Healer

          ရုပ်ရှင်ချစ်သူတို့ရေ ဆုကျေးဇူးအကြောင်း ဆွေးနွေးကြည့်ရအောင်။

          ဓမ္မဟောင်းကျမ်းကော ဓမ္မသစ်ကျမ်းမှာပါ ဆုကျေးဇူးအကြောင်း များများစားစားရှိပါတယ်။ ခွန်အားဗလကြီးထွားခြင်း၊ ခေါင်းဆောင်မှုစွမ်းရည် ရှိခြင်း၊ ပရောဖတ်ပြုနိုင်ခြင်း၊ အစေခံနိုင်ခြင်း၊ အနာရောဂါငြိမ်းနိုင်ခြင်း၊ နတ်ဆိုး နှင်ထုတ်နိုင်ခြင်း၊ စစ်တိုက်နိုင်သော အစွမ်းသတ္တိရှိခြင်း အစရှိသဖြင့်ပေါ့။

          The Healerဆိုတဲ့ ဇာတ်ကားကတော့ အနာရောဂါငြိမ်းနိုင်ခြင်းဆိုတဲ့ အကြောင်းကို ပြသထားတဲ့ ဇာတ်ကြောင်းလေးပါ။ ရံဖန်ရံခါ ကိုယ့်အတွင်းထဲမှာ ဘုရားထည့်ထားတဲ့ ဆုကျေးဇူး (တနည်း) ဆုလာဘ်က ဘာဆိုတာကို မသိကြတဲ့ ပုဂ္ဂိုလ်တွေ တော်တော်များများကြီး ရှိနေမယ်ထင်တယ်။ ဘုရားသခင်က ဘယ်နေရာမှာ အသုံးချဖို့ ဖန်ဆင်းထားတာလဲ။ ဘယ်နေရာမှာအခြေချဖို့နဲ့ ကမ္ဘာကြီးမှာ ဘာလုပ်ဖို့များ လူလာဖြစ်ရတာလဲ အစရှိသဖြင့် တွေးမိတတ်ကြ တယ်မဟုတ်ပါလား။ The Healerဇာတ်ကောင်လည်း သူ့ဖြစ်တည်မှုကို သူမသိ ရှိခဲ့ပါဘူး။

          လူ့ဘ၀ရဲ့ ဖြစ်တည်မှုအကြောင်းကို ရှာရင်းဖွေရင်း (သို့မဟုတ်)    မရှာမိကြပေမဲ့လည်း အချိန်အခါ တန်တော့ ရှာဖွေတွေ့ရှိသွားကြရသည့်ပုံစံအတိုင်းပဲ The Healerဇာတ်ကောင့်ဖြစ်သူက သူလုပ်ရမဲ့အရာကို နောက်ဆုံး အချိန်အခါ လင့်တော့မှ သိရတော့တယ်။ သူ့အတွင်းထဲမှာ အနာရောဂါငြိမ်းနိုင်ခြင်း စူပါပါဝါ ရှိနေတယ်လေ။

          ဘုရားသခင် မခေါ်သေးခင်ကာလတုန်းကဆို ဒါဝိဒ်ဆိုတဲ့သူ တောထဲမှာသိုးတွေချည်း ထိန်းနေရတယ်မဟုတ်လား။ မောရှေလည်းအီဂျစ်နန်းတော်ထဲမှာ စံမြန်းနေရတယ် မဟုတ်လား။ ဓမ္မတေးအဆိုတော် စောဝင်းလွင်ဆိုရင်လည်း နှစ်ပေါင်း၂၀ကျော်လောက် ဓမ္မတေးအဆိုတော်ဖြစ်ဖို့ စောင့်ဆိုင်းခဲ့ရတာ။ အဲဒီလိုပုဂ္ဂိုလ်မျိုးတွေက အခွင့်အခါသင့်တဲ့အချိန်ရောက်တော့မှ သူတို့ရှိနေ တဲ့နေရာကနေ ထပြီးတော့ စေခိုင်းရာ နောဧသင်္ဘောတည်ဆောက်ကြရတာပဲ။

          အစောပိုင်းကာလတုန်းက The Healerဆိုတာ လျှပ်စစ်ပစ္စည်းနဲ့ သက်ဆိုင်တဲ့  ဆိုင်တဆိုင်ရဲ့  နာမည်သက်သက်သာဖြစ်တယ်။ ဇာတ်လယ်ကိုရောက်တဲ့အခါမှာတော့ The Healerဆိုတာ လူ့အသက်ကို ကယ်တင်တဲ့ အမည်နာမဆိုပြီးတော့ ပြောင်းလဲသွားပါတော့တယ်။ လူနာတွေက အနာရောဂါ ငြိမ်းစေနိုင်သူရဲ့ သတင်းကို ကြားသိရပြီးတဲ့နောက်မှာတော့ တဖွဲဖွဲနဲ့ ရောက်လာတော့တယ်။

          ဇာတ်လိုက်ရဲ့   ဖြစ်တည်နေခြင်းကိုယ်၌က   အနာရောဂါငြိမ်းခြင်းအမှု ပြုနေခြင်းဖြစ်နေတယ်လေ။

          သမ္မာကျမ်းစာထဲတွင် အနာရောဂါငြိမ်းခြင်းနဲ့ပတ်သက်ပြီးတော့ ခရစ်ဝင်ကျမ်းတွေမှာ အထူးတလည် ဖော်ပြထားပါတယ်။ မျက်စိကန်းသူ၊ သွေးသွန်နာစွဲသူ၊ သေလွန်ပြီးသူ၊ နတ်ဆိုးဆွဲသူ၊ ခြေလက်မသန်သူ အစရှိသူတွေက အနာရောဂါငြိမ်းခြင်းအမှုကို ပြုလုပ်နိုင်တဲ့သူအတွက် အဓိက ဇာတ်လိုက်တွေဖြစ်တယ်။ (အဲဒီလိုပုဂ္ဂိုလ်တွေဟာ ဒီဖက်ခေတ်အထိ များပြားနေတုန်းပါပဲ) သူတို့ရဲ့ အနာရောဂါပျောက်ကင်းခြင်းရဲ့ အဓိကအကြောင်းအရင်းကတော့ ယုံကြည်ခြင်းပဲဖြစ်တယ်။   ပြင်းပြတဲ့ယုံကြည်ခြင်းရှိမှပဲ ဘုရားအလုပ်လုပ်နိုင်မှာဖြစ်တယ်လေ။ The Healerဇာတ်ကားမှာလည်း လူနာတွေရဲ့ ယုံကြည်ခြင်း ထက်သန်ပုံတွေကို တွေ့မြင်ရပါတယ်။

          ဘုရားသခင် စေခိုင်းရာမှာရှိနေရင် အကျိုးစီးပွား ပိုဖြစ်ထွန်းတတ်တယ်မဟုတ်လား။ အင်္ဂလန်ကနေ ကနေဒါနိုင်ငံကို ၁နှစ်တိတိ နေထိုင်ရမယ်ဆိုတဲ့ စိန်ခေါ်ကမ်းလမ်းမှုမျိုး ရုပ်ရှင်ချစ်သူတွေမှာလည်း ကြုံဖူးပါသလား။ ဘုရားသားတွေရဲ့ လူဖြစ်ခြင်းအဓိပ္ပါယ်က ဘယ်လိုများပါလိမ့်။

          ဘုရားစေခိုင်းရာနေရာမှာ နေထိုင်ခြင်းက လူ့ဘ၀ရဲ့  အစစ်အမှန်နေထိုင်နည်း၊ အသက်ရှင်နည်း တွေကို ကြီးကြီးမားမား အထောက်အမလည်း ဖြစ်စေတယ်လေ။

          The Healerဇာတ်ကား ကြည့်ရှပြီးချိန်မှာ ရုပ်ရှင်ချစ်သူတို့အပေါ်မှာ ဘုရားသခင်က ဘယ်လို လက်ဆောင်ပေးထားလဲ သိချင်နေမှာပဲ။ သိချင်စိတ်ကို တားမရရင်တော့ သမ္မာကျမ်းစာထဲမှာ ရှာကြည့်ပါလို့ အကြံပေးပါရစေ။

Kristo