၀ူဟန် - ကိုရိုနာဗိုင်းရပ်စ်ထက် ပိုပြီးကြောက်စရာကောင်းတဲ့ OD Virus နဲ့ FP Virusတွေက ယနေ့ယုံကြည်သူတဦးချင်းဆီရဲ့ အသက်တာနဲ့ အိမ်ထောင်မိသားစု၊ အသင်းတော်တွေရဲ့ ဓမ္မအသိတရား ဆိုင်ရာ ခံယူယုံကြည်ချက် ကိုယ်ခံစွမ်းအားတွေကို ထိခိုက်ပျက်စီးစေနိုင်တဲ့ အန္တရာယ်ရှိနေသောကြောင့်ပါ။ ကျမ်းစာက ကြိုတင်အသိပေးထားတဲ့ အကြောင်းအရာများစွာထဲက ပြည့်စုံလာမှုတခုပေါ့။ ဒါကို လူတွေက ပေါ့ပေါ့တန်တန် သဘောထားပြီး အန္တရာယ်လို့ မမြင်ဘဲ ပိုနေမြဲ ကျားနေမြဲ အသက်ရှင်နေထိုင်မိ ကြတာများတယ်။
ဒီလိုနဲ့
လူတယောက်ရဲ့မှန်သောယုံကြည်ခြင်း၊ မိသားတစုရဲ့မှန်သောယုံကြည်ခြင်း၊ အသင်းတော်တခုရဲ့
မှန်ကန်သောခံယူယုံကြည်ရပ်တည်ချက် အခြေခံ အုတ်မြစ်တွေကို သူက ပြိုလဲ ယိမ်းယိုင်စေပြီး မှောက်လှန်ဖျက်ဆီးနေတော့တာ ဖြစ်တယ်။
ကိုရိုနာဗိုင်းရပ်စ်ထက်
ပိုကြောက်စရာ ကောင်းတယ်ဆိုတာက
COVID-19ရောဂါက လူတွေရဲ့ရုပ်ခန္ဓာကိုသာ ထိခိုက်ပျက်စီးစေနိုင်တာဖြစ်ပြီး
တဘ၀စာနဲ့သာ ဆိုင်တဲ့ အန္တရာယ်ဖြစ်ပေမဲ့ အဲဒီ OD Virusနဲ့ FP Virusကတော့ လူတွေရဲ့
စိတ် ၀ိညာဉ်ကို ထာဝရကာလအထိ လမ်းလွဲပျက်စီးအောင် ဖျက်ဆီးပစ်နိုင်တဲ့ အာနိသင်
ရှိနေတဲ့အတွက်ကြောင့်ပါပဲ။
သူက
Cancerရောဂါလိုပဲ ဖြစ်ဖြစ်ခြင်းမသိရဘူး။ အတွင်းမှာ တဖြည်းဖြည်း အမြစ်တွယ်ပွား
လှိုက်စားနေပြီးလွန်ကာမှ သိရတဲ့အဖြစ်မျိုး။ လူက အ၀တ်အစား သရုပ်ပျက်နေရင်
ချက်ခြင်းသိရတယ်။ ချက်ခြင်းပြင်ခိုင်းလို့ ပြောဆိုဆုံးမလို့ရတယ်။ ဒီလိုပဲ
နှုတ်အမူအရာ ရိုင်းစိုင်းကြမ်းတမ်းလာရင်လည်း ချက်ချင်း သိရပြီး ပြောဆိုဆုံးမ
သွန်သင်ပြုပြင်ပေးလို့ရတယ်။ အဲ...သူ့စိတ်ဝိညာဉ်ထဲ အတွေးထဲမှာသာ သန္ဓေတည်ပြီး
တဖြည်းဖြည်း အမြစ်စွဲပြီး အခိုင်အမာ အပင်ပေါက်လာမဲ့ ယုံကြည်ကိုးကွယ်မှု မှားယွင်း
လွဲမှား တိမ်းစောင်းမှုကတော့ လွန်ကာမှသိရတဲ့အဖြစ်မျိုး။
ဒါကြောင့်
ကလေးတွေကို ဘုရားလက်အပ်ထားတယ်။ ဘုရားကျောင်းသွားတာပဲ။ ဘုရားရှိခိုးနေရင်
ပြီးရောဆိုပြီး စိတ်ချလက်ချ ကျေနပ်နေရမဲ့အချိန်ကာလမျိုး မဟုတ်တော့ဘူး။ သူတို့ကို
မှန်ကန်စွာ ထိန်းကြောင်း သွန်သင်လမ်းပြနိုင်ဖို့ဆိုရင် လူကြီးမိဘအုပ်ထိန်းသူတွေ
ကိုယ်တိုင်ကိုက ဘယ်ဟာကဖြင့် အမှန် ဘယ်ဟာကဖြင့် အလွဲအမှား။
သမ္မာကျမ်းစာနဲ့ညီတယ်မညီဘူးဆိုတာကို ကိုယ်တိုင်က သိထားဖို့လိုအပ်တယ်။ ဘယ်ဟာကအစစ်
ဘယ်ဟာကအတုလဲဆိုတဲ့အကြောင်းကို ကိုယ်တိုင်က ပိုင်းခြား နားလည်ထားဖို့
လိုတယ်မဟုတ်လား။
ဒါကြောင့်
အဖေကငွေရှာ အမေလုပ်တဲ့သူက ထမင်းချက်။ အိမ်ရဲ့ ဝေယျာဝစ္စတွေလုပ်ရင်း ဆရာတွေလက်ထဲ
၀ကွက်ထိုးအပ်ထားတဲ့အခြေအနေမျိုးက ဒီနေ့ခေတ် မှာတော့ တယ်မဟန်လှတော့ဘူး။ ကိုယ်ကို၌က
အမှန်နဲ့အမှား၊ အစစ်နဲ့အတုကို ပိုင်းခြားနားလည်ထားဖို့ လိုအပ်နေပါပြီ။
ODဆိုတာက
Other Doctrince ခြားနားသောသြ၀ါဒကို ဆိုလိုတာဖြစ်ပြီး FP ကတော့ False Prophet
မှားယွင်းသောမိစ္ဆာပရောဖတ်အတုအယောင်တွေရဲ့ လှည့်ဖျားသွေးဆောင်ခြင်းအန္တရာယ်ကို
ဆိုလိုတာဖြစ်တယ်။
Night Clubနဲ့ ဘုရားကျောင်း
ဒီကနေ့ခေတ်က
ကလေးတွေကို အရက်ဆိုင်တွေ Night Clubတွေသွားမှာကို မပူရဘဲ မိစ္ဆာဒိဋ္ဌိအယူဝါဒတွေနဲ့
လှပသေသပ်စွာ ထုတ်ပိုးထားတဲ့ လှည့်စားတတ်သော ဂေါက်ကြောင်ဓမ္မအယူအဆ၊ သြ၀ါဒအလွဲတွေနဲ့
ညှို့ယူဖမ်းစားနေတဲ့ ဂိုဏ်းဂနတွေ အဖွဲ့အစည်းတွေ အသင်းတော်လို့ ဆိုင်းဘုတ်
ကပ်ထားတဲ့နေရာတွေကို သွားပြီး ဘုရားရှိခိုးမိမှာကို အလွန်စိုးရိမ်ရတဲ့
ခေတ်ကာလအပိုင်းအခြားထဲကို ရောက်နေတာပါ။ ဓမ္မကြောင်တွေဖြစ်ကုန်ရင် သူတို့က
လက်ရှိမူလသင်းအုပ်ဆရာတွေ လူကြီးမိဘ ဆရာသမားတွေကို မရိုသေချင်တော့ဘဲ
အထင်မကြီးတော့ဘူး။ ဒိတ်အောက်ပြီး ကျန်နေခဲ့ပြီ။ သူတို့က ပိုတတ်သိနားလည်နေတယ်
အထင်ရှိပြီး မရိုမသေမလေးမစားတွေ လုပ်လာကြရော။ အဲဒီမှာတင် ပဋိပက္ခတွေက စတော့တာပါပဲ။
မိဘနဲ့သားသမီး၊ ဆရာနဲ့တပည့်၊ လူကြီးနဲ့လူငယ်တွေ ကွဲပြားမှုပဋိပက္ခရဲ့အစဟာ အဲတာပဲ။
ဘုရားအတူ ရှိခိုးလို့မရ၊ တ၀ိုင်းထဲအတူထိုင်ပြီး မိဿဟာရဖွဲ့ စားသောက်လို့ မရတော့တဲ့
အထိအောင် ဖြစ်ကုန်ကြတော့တာ။
လူကြီးမိဘတိုင်းမှန်တယ်၊
ဆရာသမားတိုင်းမှန်တယ်၊ အမှုတော်ဆောင်တိုင်းမှန်တယ်လို့ သိမ်းကြုံး
လက်ခံခိုင်းတာတော့ မဟုတ်ဘူး။ ရန်သူမိတ်ဆွေ ခွဲခြားတတ်တဲ့ ပိုင်းခြားတတ်တဲ့
၀ိညာဉ်အသိကို လူကြီးမိဘဆရာသမား အုပ်ထိန်းသူတွေကိုယ်တိုင်ဆီမှာရှိဖို့
လိုအပ်နေပြီဖြစ်ကြောင်း ပြောချင်တာပါ။
စာတန်ရဲ့နောက်ဆုံးပေါ်ဗျူဟာ
ယုံကြည်သူတယောက်
ပျက်စီးအောင် လိုင်းကြောင်သွားအောင် ယနေ့ခေတ်မှာ စာတန်က ဒိတ်အောက်နေပြီဖြစ်တဲ့
မီးကျိုးမောင်းပျက်လက်နက်တွေဖြစ်တဲ့ အရက်၊ မူးယစ်ဆေး၊ လောင်းကစားမှုတွေ ဘာမှမသုံးတော့ဘဲ
မှားယွင်းလွဲမှားသော ဓမ္မအယူအဆနဲ့ လူကိုသော်လည်းကောင်း မိသားစုကို သော်လည်းကောင်း
အသင်းတော်ကိုသော်လည်းကောင်း ပြိုလဲပျက်စီးအောင် မှောက်လှန်ဖျက်ဆီးဖို့
ကျမ်းစာကိုင်ထားတဲ့ သူ့ရဲ့လက်ရွေးစဉ် စေတမန်တွေကိုအသုံးပြုဖို့ ကြံစည်လာပါပြီ။
ဒါကို သတိကြီးစွာထားရမဲ့ အချိန်ကာလထဲကို ရောက်ရှိနေပါပြီ။
အလွယ်ဆုံးသောလှည့်စားနည်း
ဥပမာအနေနဲ့
တပ်ရဲ့အတွင်းစည်းထဲအထိ
ထိုးဖောက်ဝင်ရောက်ပြီး ဖောက်ခွဲဖျက်ဆီးဖို့ အလွယ်ကူဆုံးသောနည်းလမ်းကတော့
ယူနီဖောင်းပြောင်းဝတ်ပြီး သူ့လူလို ဟန်ဆောင်လှည့်စား ၀င်ရောက်ခြင်းပဲမဟုတ်လား။
တော်ရုံနဲ့မရိပ်မိကြဘူးလေ။ အငိုက်မိသွားကြတာများတယ်။ လူပုဂ္ဂိုလ်တဦးချင်းစီရဲ့
ဘ၀ထဲ မိသားစုထဲ အသင်းတော်ထဲ ဟန်ဆောင် လှည့်ဖျားဝင်ရောက် ဖျက်ဆီးဖို့ရာ သာသနာပလူ
(သို့) ဘာသာခြားတွေက မလုပ် တတ်ဘူး။ လုပ်လဲမလုပ်နိုင်ကြပါဘူး။ အဲ...ကျမ်းစာကို
ကျွမ်းကျင်စွာသိတဲ့ ခရစ်ယာန်တွေ အမှုတော်ဆောင်တွေ ဓမ္မဆရာဆိုသူတွေကိုသာ စာတန်က
ရွေးချယ်အသုံးပြုပြီး လူတယောက် (သို့) အသင်းတော်တခုရဲ့ ယုံကြည်ခြင်း၊
စည်းလုံးညီညွတ်မှု ပြိုလဲပျက်စီးအောင် အကွဲကွဲအပြားပြားဖြစ်အောင် လုပ်ဆောင်
အကောင်အထည်ဖော်နေတော့တာ။
ဒါကြောင့်
ကိုယ့်မှာ အခြေခံယုံကြည်ခြင်းနဲ့ပတ်သက်တဲ့
ကိုယ်ခံအားကောင်းနေဖို့ မှန်သောအယူ ရှိပြီး သမ္မာတရားကို မှန်ကန်စွာ
ပိုင်းခြားတတ်သော ဥာဏ်ရှိဖို့က အရေးကြီးဆုံးပါပဲ။ Self Defenseလုပ်ဖို့က
ကိုယ့်တာဝန်ပါ။ ဒါမှ သူများအညာမခံရ လှည့်စားခြင်းဘေးက လွတ်ကြမှာ မဟုတ်ပါလား။
ကြိုတင်ကာကွယ်ဆေးများ
၁ယော
၄း၁၊ မဿဲ ၇း၁၅-၁၆၊ ယုဒ ၁း၁၇း၂၁၊ မဿဲ ၂၄း၂၄-၂၅၊
တမန်
၂၀း၂၇-၃၀၊ ၂ပေ ၂း၁၊ ၁တိ ၄း၁၊ ၂ပေ ၃း၃-၄၊ ၁တိ ၆း၃-၅၊
False Prophet
ယေရမိ
၁၄း၁၄၊ ယေဇကျေလ ၁၃း၁-၃၊ ၂တိ ၄း၃-၅
နားရှိသောသူမည်သည်ကား
ကြားပါစေ။ သင်မြင်တာသည် သင်ရရှိတာဖြစ်သည်။ အလင်း ဆိုသည်မှာ တစ်စုံတခုကို
သင်မြင်လိုက်ရုံသာမဟုတ် တစ်စုံတခုကို သင်ရရှိလိုက်တာသာ ဖြစ်သည်။
တင်အောင်လွင် (Exodus)