အပိုင်း (၁)
ကျွန်တော့်ကို
(ဘယ်သူနဲ့မှ မတူပဲ) ကျွန်တော်နှင့်တူအောင် ဘုရားသခင်က ဖန်ဆင်းထားတာ ဖြစ်တယ်။
ခင်ဗျားလည်း ဒီလိုပါပဲ။ ဒါကြောင့် ကျွန်တော်သည် ကျွန်တော်နှင့် တူရန်သာလို၏။
ကျွန်တော်ဖြစ်နေရန်သာလို၏။
ကျွန်တော်သည်
နပိုလီယံမဟုတ်။ အလက်ဇန်းဒြား သဂရိတ်မဟုတ်။ ဟစ်တလာမဟုတ်။ ဘင်လာဒင်လည်း မဟုတ်။
မောရှေမဟုတ်သလို ယုဒရှကာရုတ်လည်း မဟုတ် ပါ။ ပုပ်ရဟန်းမင်းကြီးလည်း မဟုတ်။
ကျွန်တော်သည် ကျွန်တော်သာလျှင် ဖြစ်ပါ၏။
ယောက်ျားဖြစ်ခြင်း၊
မိန်းမဖြစ်ခြင်း၊ ရုပ်ချောခြင်း၊ ရုပ်ဆိုးခြင်း၊ ကိုယ့်ဘ၀ဖြစ်တည်မှုကို
ကျေနပ်ခြင်း၊ မကျေနပ်ခြင်းအကြောင်းကသပ်သပ်။ မိမိသည် မိမိသာလျှင်ဖြစ်နေပြီးပြီ
မဟုတ်လား။ ထို့ကြောင့် မည်သူနှင့်မျှ တူရန် မလိုပါ။ မည်သူ့ဘ၀ကိုမျှ
အားကျစရာမလိုပါ။ မည်သူ၏ ဘ၀နှင့်မျှ တူချင်စရာအကြောင်းမရှိပါ။
ကျွန်တော်သည်
ကျွန်တော်ဖြစ်ရန်သာ လို၏။
ကျွန်တော့်ကို
ကျွန်တော်သာ အားကျရမည်ဖြစ်၏။
ကျွန်တော်သည်
ကျွန်တော်နှင့်တူအောင် လုပ်ရန်သာ လို၏။ အခြားမည်သူ့ကိုမျှ သဘောမကျပဲ
ကိုယ့်ကိုကိုယ်သာ သဘောကျတဲ့သူတယောက်ဖြစ်နေရမယ်။ လူအချို့က လောက၌
အောင်မြင်ကျော်ကြား နေသူအချို့ကို အထင်ကြီးလေးစားအားကျကာ သူတို့ဘ၀ထဲ
၀င်ရောက်စီးမြောလိုက်ပါရင်း သွားရည်ကျကာ (မိမိကိုယ်ပိုင်ဘ၀ကို မေ့လျော့နေသည်
အထိဖြစ်ကြရ၏)။ ကိုယ့်ဘ၀ကို ဘယ်သူ့ဘ၀နှင့်မျှ နှိုင်းယှဉ်ပြီး တူအောင်လုပ်စရာ
အကြောင်းမရှိ။
(ကောင်းသည်ဖြစ်စေ
ဆိုးသည်ဖြစ်စေ)သူတို့ကသူတို့ဘ၀နှင့်သူတို့သာလျှင် ဖြစ်ပြီး ကျွန်တော်က
ကျွန်တော့်ဘ၀နှင့် ကျွန်တော်သာလျှင် ဖြစ်သည်မဟုတ်ပါလား။
တူချင်၍
လိုက်တုမည်ဆိုက ၉၀ရာခိုင်နှုန်းတူသည် ဆိုသော်ငြား ကျွန်တော်သည် နပိုလီယံအတု
အဲလက်ဇင်းဒြားအတု ဟစ်တလာအတု ဘင်လာဒင်အတုဆိုသည့် အကောင်သာ ဖြစ်ပေလိမ့်မည်။
ထိုသဘောကို နားလည်နေသည့် လူငယ်အချို့က သူတို့ဘ၀ကို သူတို့အားကျလေ၏။ သူတို့
သည်သူတို့ဖြစ်ရန်သာလိုသည်ဟု သိထား၏။ သူတို့ကိုယ်သူတို့နှင့်တူအောင်
ကြိုးစားလုပ်ဆောင်ကြ၏။ ထိုအခါ ဘီလ်ဂိတ် ဆိုသူတယောက် သီးသီးသန့်သန့်ဖြစ်ပြီး
ဤကမ္ဘာလောက၌ ပေါ်လွင်ထင်ရှားလာ၏။ သူသည် နပိုလီယံရူးတယောက် မဟုတ်ပါ။ သူသည်
အလက်ဇန်းဒြားသဂရိတ်ကို အားမကျ။ သူသည် မိုက်ကယ်ဂျက်ဆင်၏ အောင်မြင်ကျော်ကြားမှုနှင့်
ကြွယ်ဝချမ်းသာမှုကို ပါးစပ်အဟောင်းသားနှင့် ငေးမောကြည့်ရင်း
ကိုယ့်ဘ၀ကိုမေ့လျော့နေသူ တဦးမဟုတ်။ ဘီလ်ဂိတ်သည် ဘီလ်ဂိတ်သာဖြစ်၍
ဘီလ်ဂိတ်နှင့်တူအောင် ဘ၀ကို ထုဆစ်တည်ဆောက်နေခဲ့သူတယောက်ပင်ဖြစ်၏။ ဘီလ်ဂိတ်
သည်ဘီလ်ဂိတ်ဖြစ်ရန်သာလို၏။ထို့ကြောင့်သူသည် ဘီလ်ဂိတ်ဖြစ်လာခဲ့ပြီ။ ထိုနည်းတူပင်
မက်ဆီ၊ ခရစ္စတီယာနို ရော်နယ်ဒို၊ နေမာ အစရှိတဲ့ ကမ္ဘာကျော်
ဘောလုံးမီလျံနာဆိုသူတွေဟာလည်း တချိန်က ဆင်းရဲစုတ်ပြတ်တဲ့လမ်းကြိုလမ်းကြားတွေမှာ
ဘောလုံးအစုတ်တလုံးကို လုကစားရင်း (သူတို့ဟာ သူတို့နဲ့ တူတဲ့
လူတယောက်စီဖြစ်အောင်)ဘ၀ကိုထုဆစ်တည်ဆောက်လာနိုင်ခဲ့ကြတဲ့သူတွေ မဟုတ်လား။
ဒါ
နမူနာအနေနဲ့ တင်ပြတာ။ အခြားကဏ္ဍနယ်ပယ် အသီးသီးမှာလည်း ဒီလိုလူတွေချည်းပါပဲ။
ဒါကြောင့် သင်နဲ့ ကျွန်ုပ် အခုဘာလုပ်နေကြသလဲ။
အပိုင်း(၂)
နိုင်ငံတော်က ကျွန်ုပ်ကို ဘာလုပ်ပေးမှာလဲဆိုတဲ့
မေးခွန်းမျိုးမမေးပါနဲ့။နိုင်ငံတော်အတွက် ငါဘာလုပ်ပေးနိုင်မလဲဆိုတဲ့ မေးခွန်းကိုသာ
ကိုယ့်ဟာကိုမေးပါ။ ဒီစကားဟာ အမေရိကန်နိုင်ငံရဲ့ ၃၅ဆက်မြောက်သမ္မတ John F Kennedy
(၁၉၆၁ - ၁၉၆၃)ရဲ့ ကမ္ဘာကျော် မိန့်ခွန်းတခုဖြစ်ပါတယ်။
အစိုးရဆီကနေ
(အခွင့်အရေး)ရဖို့သာမျှော်လင့်တတ်တဲ့ ပြည်သူတွေရဲ့ စိတ်ဓာတ်ကို
တိုင်းပြည်နဲ့လူမျိုးအတွက်နိုင်ငံသားတယောက်ခြင်းစီတိုင်းမှာပါဝင်လုပ်ဆောင်ရမဲ့
(တာဝန်)ရှိ တယ်ဆိုတဲ့ အကြောင်း မီးမောင်းထိုးပြလိုက်တာပဲ။
ကလေးလဲကလေးအလျောက်
အမျိုးသမီးတွေလည်း အမျိုးသမီးအလျောက် ဆိုင်ရာကဏ္ဍအလိုက် တတ်နိုင်တဲ့ ဘက်ကနေ
လူတိုင်းပါဝင် လုပ်ဆောင်ရမဲ့အကြောင်းပါပဲ။ သို့မှသာ နိုင်ငံတော်ဆိုတဲ့
ယန္တရားကြီးက ပုံမှန်လည်ပတ်နေ နိုင်မှာ မဟုတ်ပါလား။ မည်သူတဦးမျှ
ရေသာခိုအချောင်လိုက် နေလို့မရဘူး။ တစ်ထောင့်တနေရာက ချို့ယွင်းအားနည်းတာနဲ့
ပုံမှန်လည်ပတ်နေတဲ့ ယန္တရားကို သွားပြီးထိခိုက်တော့တာပဲ။ (ဒါဟာ သဘာဝပဲ)
စက်ပစ္စည်းတခုနဲ့
ဥပမာပေးရရင် နာရီတလုံးဆိုပါတော့။ သူ့မှာ အဓိကအစိတ်အပိုင်း သုံးခုရှိတယ်။ (စက္ကန့်
လက်တံရယ်၊ မိနစ်လက်တံရယ်၊ နာရီလက်တံရယ်ပေါ့) အသေးဆုံးစက္ကန့်တံလေးက တပတ်မလည်ရင်
မိနစ်လက်တံလည်း တထစ်မျှမရွေ့။ မိနစ်လက်တံ တပတ်မလည်ဘူးဆိုရင် နာရီလက်တံလည်း
ရှေ့တထစ်မျှမတိုး။ အရာအားလုံးက သူ့တန်ဖိုးနှင့်သူ၊ သူ့တာဝန်နဲ့သူ
တဆက်တည်းရှိနေတာပါ။ တနေရာက အစိတ်အပိုင်းတခု အလုပ်မလုပ်လိုက်တာနဲ့ နာရီ ဆိုတဲ့
သဘာဝပျက်တော့တာပဲ။ အချိန်ကိုပြညွှန်တဲ့အလုပ်ကို မလုပ်နိုင်တော့ဘူး။
ဒီတော့နာရီတလုံးမှာ ဘယ်အစိတ်အပိုင်းက အရေးအကြီးဆုံးလဲဆိုခဲ့ရင်အားလုံးပဲ၊
တခုလုံးပါပဲ။ ဘယ်ဟာရှိမှ နာရီဖြစ်သလဲဆိုရင် သူ့မှာပါရှိတဲ့ အစိတ်အပိုင်းအားလုံး
ရှိမှသာလျှင်။ တစ်ထောင့်တနေရာ ချွတ်ချော်မှုရှိတာနဲ့ ဒီပုံမှန် လည်ပတ်နေတဲ့
Mechanismယန္တရားတခုလုံး ကမောက်ကမ ဖြစ်တော့တာပဲ။
ဒီဥပမာအတိုင်းပါပဲ။
မိသားစုမှာ ဖခင်ပျက်ကွက်ခဲ့ရင်၊ မိဘကကောင်းပြီး သားသမီးဆိုးနေရင် ဒီမိသားစု
အိမ်ထောင်သရုပ်ပျက်ပြီ။ အသင်းတော်မှာ သင်းအုပ်က သိုးတွေ ထိန်းကျောင်းနိုင်တဲ့
အရည်အချင်းမရှိရင် အစာဝလင်စွာမကျွေးရင်
အိမ်မှာထမင်းမ၀တဲ့ကလေးက
ဘေးအိမ်ကတောင်းစား မှာပဲ။
သိုးထိန်းကောင်းသော်လည်း
သိုးတွေကခြံခုန်ဝါသနာပါရင် သိုးထိန်းတပါးတည်း ငုတ်တုပ်။ ဒါလဲ သရုပ်ပျက်ခြင်းတမျိုးပါပေပဲ။
နိုင်ငံနဲ့ဘာသာသာသနာမှာ အစိုးရမကောင်းရင် ပြည်သူတွေက တရားဥပဒေမလိုက်နာရင်
ဘုန်းကြီးတွေသီလပျက်ရင် ဒီလိုလည်ပတ်နေတဲ့ ယန္တရားတွေအားလုံး သရုပ်ပျက်ပြီး
ရပ်တန့်သွားကြမှာပါပဲ။
ဒီတော့
ဘယ်သူတွေမှာ တာဝန်ရှိပါသလဲ။ ဘယ်သူ့ကို တရားခံလုပ်ပြီး အပြစ်ပုံချကြမလဲ။ တယောက်နဲ့
တယောက် လက်ညှိုးထိုးလို့ကော ဒီပြဿနာကြီး ပြေလည် သွားမတဲ့လား။
တကယ်တော့
တရားခံက ကျွန်တော်တို့အားလုံးပါပဲ။
ဘုရားသခင်ဆီက
ငါတို့ဘာရမလဲ။ သူ့ကို ယုံကြည်ကိုးကွယ်ရင် ငါတို့ကို သူက ဘာတွေလုပ်ပေးမှာလဲဆိုတဲ့
တစ်စုံတခုသော လာဘ်လာဘအကျိုး မျှော်ကိုးတတ်တဲ့ ယုံကြည်သူ ခရစ်ယာန်ဘ၀ကနေ မိမိဘာသာမိမိ မေးခွန်းပြန်မေးကြပါ။ “ငါ ဒီနေ့
ဒီအချိန်ကစပြီး ဘုရားသခင်အတွက် ဘာလုပ်ပေးနိုင်မလဲ။ ဘာလုပ်ပေးရမလဲ”ဆိုတဲ့
အခြေအနေတခုဆီကို တက်လှမ်းကြပါစို့။
ယေရှုက
မေးနေပါတယ် (ငါသည် သင့်အတွက် အသက်စွန့်ပြီ။ ငါ့အတွက် သင် ဘာပြန်ပြုပေးမည်နည်း)
တင်အောင်လွင် (Exodus)