သိုးခြံထဲက ပိုးကောင်များ

လူငယ်တွေဟာ ဘုရားသခင်ဆီ ဆုတောင်းနေကြတယ်

စိတ်ညစ်စရာကောင်းတဲ့အနာဂတ်က ရှေ့မှာစောင့်ကြိုနေပြီးသား

အိပ်မက်ကတခြား ဘ၀ကတခြားဆိုတာလည်း သေချာပြီးသား

လူငယ်တွေဟာ ဘုရားသခင်ဆီ ဆုတောင်းယုံကလွဲလို့ ဘာလုပ်ရမှန်းမသိကြ

ဘုရားသခင်ကလည်း ခေါင်းကိုက်နေပြီ

အနာဂတ်မရှိပဲ ဆုတောင်းတဲ့လူငယ်တွေအသံကြားနေရတာက

သူ့ကို ခေါင်းကိုက်စေတာပါပဲ

လူငယ်တွေက ပြောကြတယ်

“ဘုရားသခင်ရှိတယ်”

ဒီလိုနဲ့ အရင်နှစ်တွေတုန်းက လူငယ်ဆိုသူတွေလည်း ပြည်ပကို အကုန်ထွက်သွားကြ

နောက်တက်လာကြတဲ့လူငယ်တွေလည်း ဘုရားသခင်ဟာ

ရေကြည်ရာမြက်နုရာကိုပဲ စေလွှတ်ဦးမလား

“ဘုရားသခင်အလိုတော်”စကားလုံးအောက်မှာ အားလုံးအဆင်ပြေဟန်ဆောင်ခဲ့ကြပြီးပြီ

ဆယ်ကျော်သက်နောက်ပိုင်းမှာ စိတ်ကူးယဉ်နှုန်းသိသိသာသာကျဆင်းပြီး

စိတ်ပျက်စရာတွေ တိုးတိုးလာတယ်

လူငယ်တွေ ရင်းနှီးမြှုပ်နှံဖို့ အင်အားနဲ့အချိန်ကလွဲလို့ ညွှန်စရာမရှိတဲ့ကာလ

ကမ္ဘာဂြိုဟ်မှာ နေထိုင်ဖို့ကလည်း ပျက်စီးလာတဲ့သဘာဝပတ်ဝန်းကျင်ရယ်

မြင့်မြင့်လာတဲ့ ကုန်ဈေးနှုန်းကြား အသက်ရှူပေါက်ရှာဖွေဖို့ပဲ မဟုတ်လား

လူငယ်တွေဟာ ဘုရားသခင်ဆီမှာ ဆုတောင်းနေကြတုန်းပဲ

လူငယ်တွေဟာ ဘုရားအလိုတော်စောင့်စားနေကြလေရဲ့ ။

 

ဆလိုင်းနံရံ