နာမည်ကျော်ဘာသာပြန်ဆရာတယောက်ရေးတာ
ဖတ်ဖူးတယ်။ အကြောင်းအရာ တူညီလား မတူညီလားတော့ မမှတ်မိတော့ပါဘူး။ မှတ်ဥာဏ်ထဲကအဆိုပါ
အကြောင်းအရာကို နားလည်သလို မှတ်မိသလိုရေးရရင် မိုးမရွာတာကြာပြီဖြစ်တဲ့
မြို့လေးတမြို့မှာ မိုးရွာချစေဖို့ ဘုရားသခင်ကြားအောင် ဆုတောင်းပွဲလုပ်ဖို့
သင်းအုပ်ဆရာက ဆော်သြခြင်းအမှုပြုတယ်။ လုပ်မှာက နေ့လယ် ၁ချက်တီး။
အဲဒီလိုနဲ့
ဆုတောင်းပွဲအချိန်အခါရောက်လာတယ်။ ဆုတောင်းပွဲတော်အတွက် ပြင်ဆင်ကြတယ်။ သင်းထောက်၊
သင်းအုပ်၊ သင်းဝင်တွေအားလုံး ဆုတောင်းပွဲ ဆင်နွှဲကြတယ်။ ဆုတောင်းပွဲလည်းပြီးရော
ပရိသတ်အားလုံးကောင်းကင်ကို မော့ကြည့်ကြတယ်။ မိုးများရွာချလေမလားဆိုတဲ့
အဓိပ္ပါယ်မျိုးနဲ့။ ထူးခြားတာတခုက ကလေးသူငယ်တယောက်ကလွဲရင် ဘယ်သူ့မှာမှ
ထီးပါမလာခဲ့ဘူး။
တစ်ခါတလေ ယုံကြည်ခြင်းဆိုတဲ့အရာက
ဘယ်လိုမျိုးလဲ။
Case-1လို့ ခေါင်းစဉ်အတပ်ခံရတဲ့သူက
မင်္ဂလာကိစ္စအတွက် တောင်ပေါ်ရွာကိုလာတယ်။ မင်္ဂလာကိစ္စအလှည့်အပြောင်းက သူ့မှာဗိုင်းရပ်စ်ပါလာတယ်ဆိုတာပါပဲ။ မင်္ဂလာကိစ္စဆက်လုပ်ချင်တာ ကြောင့် ပစ္စည်းပစ္စယမပြည့်စုံ
မကုံလုံတဲ့အရပ်ဒေသကနေ ခရိုင်ကိုကူးလွှဲဖို့ စီစဉ်ကြည့်တယ်။ လက်ခံချင် ပုံမရဘူး။
အားမလျှော့ပါဘူး။ အင်အားပိုကြီးမားတဲ့မြို့ဆီပို့ဖို့ ဆက်လွှဲတယ်။
ကန့်ကွက်ကြပြန်တယ်။ မထူးဇာတ်ခင်းကာ ကိုယ့်ဝမ်းနာကိုယ်သာသိမို့
ဖြစ်နိုင်ချေအကောင်းဆုံးနည်းနဲ့ မိမိတို့မြို့ရွာမှာပဲ Q၀င်နေ လိုက်တယ်။
Isoလုပ်နေတယ်။ ခဲယင်းတဲ့စပ်ကြားကာလမှာ သမ္မာကျမ်းစာဖတ်လိုက် ဆုတောင်းလိုက်နဲ့
တရားတော်ထဲမှာ မွေ့လျော်တဲ့အလုပ်ကို Case-1လူနာလုပ်နေခဲ့တယ်။ မကြာလိုက်ပါဘူး
အမင်္ဂလာ ဆိုတဲ့အရာက မင်္ဂလာအဖြစ်ကို ကူးပြောင်းလာပါတယ်။
ဘုရားရှင်ကောင်းမြတ်ပါပေတယ်။ နိုင်ငံတော်ပိုင် ရုပ်မြင်သံကြားကနေတဆင့်လည်း
တနိုင်ငံလုံးကို သတင်းကောင်း (Gospel) ဝေမျှဖြစ်လိုက်သေးရဲ့။
တခါတလေ ယုံကြည်ခြင်းဆိုတဲ့အရာက
ဘယ်လိုမျိုးလဲ။
ငယ်စဉ်ကာလတုန်းက ခရမ်းချဉ်သီးရောင်
မီးသီးလေးနဲ့ပျော်ပါးခဲ့ရဖူးတယ်။ ရုတ်တရက် မီးပျက် ရင် တရပ်ကွက်လုံးဆီက
ကျွတ်ကျွတ်အော်သံကြားရတယ်။ အဲဒီအခါမျိုးဆို အကြီးမက “ဆုတောင်းကြ ဆုတောင်းကြ။
မီးပြန်လာဖို့ဆုတောင်းကြ”နဲ့ တိုက်တွန်းအားပေးစကားပြောတယ်။ တိုက်ဆိုင်တယ်ပြောရ
မလား။ ဆုတောင်းတဲ့နေ့ဆို (အများစု)ချက်ချင်း မီးပြန်လာတယ်။ မီးပြန်လာတော့
အိမ်နီးနားချင်းဆီက ကုလားမြန်မာမှုပြုထားတဲ့ သီချင်းသံလည်း “ဟိန်းခနဲ”
ထွက်လာတော့တာပဲ။ အောက်စက်မပိတ်မိ
တတ်ကြတဲ့အိမ်တွေဆို ညဉ့်နက်မှ မီးလာရင် အောက်စက်နဲ့အပေါ်စက်အသံကျယ်ကြီးက တရပ်ကွက်
လုံးကို လှုပ်နှိုးတယ်။ အဲဒီအခါမျိုးဆို ခြင်ထောင်ထဲကနေ “မီးပြန်လာတာ
ငါဆုတောင်းလို့”ဆိုပြီး တိတ်တိတ်လေးနဲ့ အကြီးမကို ပြောပြဖူးတယ်။
ကြီးကောင်ဖြစ်လာတဲ့အချိန်ရောက်မှ “ဒါတွေက လိမ်ဆင်ပါတဲ့”လို့ အကြီးမက ရယ်ကျကျဲနဲ့
ပြန်ပြောတယ်လေ။
တခါတလေ ယုံကြည်ခြင်းဆိုတဲ့အရာက
ဘယ်လိုမျိုးလဲ။