ချစ်ခြင်း

          ယခုအချိန်တွင် စာရေးသူတို့ကမ္ဘာသားအားလုံး  ကပ်ရောဂါတမျိုးနှင့် ရင်ဆိုင်နေကြ ရသည်ဖြစ်သည်။ ယခုကဲ့သို့သောအချိန်မျိုးတွင် စာရှုသူဓမ္မမိတ်ဆွေတို့အနေဖြင့်လည်း ခရစ်ယာန်ပီပီ စည်းလုံးခြင်းနှင့် ချစ်ခြင်းတည်းဟူသည့် စိတ်ဓာတ်မျိုးဖြင့်  သက်သေခံကာ ထုတ်ဖော်ပြသရမည့် အချိန်ကောင်းလည်းဖြစ်သည်။

          မြန်မာနိုင်ငံတွင် COVID-19နှင့်ပတ်သက်၍ ရောဂါခံစားနေရသူ စုစုပေါင်း ၁၇၀ကျော် ရှိနေပြီး သေဆုံးသူ၆ဦးရှိပြီးဖြစ်သည်။ သို့ပါသောကြောင့် စာရေးသူတို့တနိုင်ငံလုံးသည် ကပ်ရောဂါကြီးအတွက် တိုက်ပွဲတခုဆင်နွှဲနေရသော အချိန်အခါဖြစ်နေသည်။

          ယခုအချိန်အတွင်းဖြစ်ပေါ်ခဲ့သော ဖြစ်စဉ်နှင့်ပတ်သက်၍ ချင်းပြည်နယ်၏ မြို့တော် ဟားခါးမြို့၏ အနေအထားကို စာရေးသူ မိတ်ဆက်ပေးချင်ပါသည်။ လက်ရှိအချိန်တွင် ဟားခါး၌ COVID-19 Positive လူနာတဦးရှိနေပြီး စောင့်ကြည့်လူနာ ၅၀ဦးကျော် ရှိနေသည်။ ပြည်သူပြည်သားများ၊ လူငယ်များ၊ ဘာသာရေးပိုင်းဆိုင်ရာများနှင့် စာရေးသူ တို့အားလုံး ကပ်ဘေးတိုက်ပွဲဝင်နေကြရပြီး တစ်ဦးနှင့်တဦးလည်း အကူညီပေးနေရသော အချိန် အခါလည်းဖြစ်သည်။ လက်ရှိဟားခါးမြို့၏အနေအထားတွင် အစိုးရ၏ လုပ်ဆောင်ချက်များအား အားရကျေနပ်မှုမရှိကြသူများလည်း ရှိနေကြပြီး မိမိတို့၏လုပ်ဆောင်ချက်များအား  ဆက်လက် မပြုလုပ်တော့ပဲ ရပ်တန့်သွားကြသူများလည်း ရှိနေသည်။ လွန်ခဲ့သော ရက်အနည်းငယ်ခန့်က အစိုးရ၀န်ထမ်းတဦးမှ ဂိတ်တခုတွင် မိမိသဘောဖြင့် ကားများအား ဂိတ်တွင်အစစ်ဆေး မခံခိုင်းပဲ ဖြတ်သန်းစေခဲ့သည့်အတွက် ဂိတ်စောင့်လူငယ်များ ဒေါသပွားခဲ့ရသည်။ ယင်းညနေ ပိုင်းတွင်ပင် စေတနာ့ဝန်ထမ်းလူငယ်များအနေဖြင့် ဂိတ်စောင့်ရာတွင် ကြိုးပမ်းခဲ့သည်များမှာ အလဟဿ ဖြစ်စေသည်ဟု သုံးသပ်ခဲ့ကြပြီး ဂိတ်စောင့်ခြင်းအလုပ်မှ ရပ်နားခဲ့ကြသည်။

          ယခုအချိန်တွင်ကပ်ရောဂါနှင့်ပတ်သက်၍ အမျိုးမျိုးပြဿနာ ကြုံတွေ့ကြရသည်။ စားဝတ်နေရေး မှအစ ရုန်းကန်နေကြရသည်။ ဤကပ်ရောဂါကြီး ပျောက်ကွယ်သွားမှသာ မူလအခြေအနေဘ၀သို့ ပြန်တည်ဆောက်နိုင်မည်ဖြစ်သည်။ သို့ပါသောကြောင့် ဤကာလမျိုးတွင် စာရေးသူတို့အနေဖြင့် စိတ်ရှည်သည်းခံရမည့် အချိန်လည်းဖြစ်နေသည်။     ကပ်ရောဂါဘေးအား စာရှုသူတို့မှ မတိုက်ဖျက်လျှင် တခြားတပါးသော ကမ္ဘာဂြိုဟ်သားများမှ   လာရောက်ချေမှုန်းပေးမည်လည်း မဟုတ်ချေ။ ယခုကဲ့သို့သော အခြေအနေမျိုးတွင် ဓမ္မမိတ်ဆွေတို့သည် စည်းလုံးရမည်။ ခရစ်ယာန်ပီပီ   စိတ်ရှည်သည်းခံပြီး   ချစ်ခြင်းမေတ္တာ   ပြသရမည့်အချိန်လည်းဖြစ်သည်။ ဤကပ်ဘေးရောဂါအား စည်းလုံးခြင်း၊ ချစ်ခြင်းနှင့်အတူ တိုက်ထုတ်ရမည်ဖြစ်သည်။     လုပ်ငန်းမှန်သမျှ အဆင်ပြေစေရန် အကောင်းဆုံးသောနည်းလမ်းသည် တဦး တယောက်တည်းအတွက်သာ မကြည့်ပါပဲ အများအကျိုးအတွက် ကြည့်ပေးဖို့ရန်လည်း အထူး လိုအပ်လှသည်။ မနာလိုဝန်တိုသောစိတ်ဓာတ်များ တယူသန်စိတ်များအား အထူးပင် ရှောင်ရှား ဖို့ရန်လည်း လိုအပ်လှသည်။

          လက်ရှိ အချိန်အခါတွင် ရောဂါဝေဒနာခံစားနေရသူများနှင့် ဝေဒနာကြောင့်ဒုက္ခရောက် နေရသော သူများအတွက် ၀ိုင်းဝန်းဖြေရှင်းနေကြရသည်။ လုပ်ငန်းဆောင်ရွက်ရာတွင်အစိုးရပိုင်း ဘာသာရေးရာပိုင်း၊ ပြည်သူလူထု ရပ်ရွာကျေးရွာပိုင်းများ စသည်ဖြင့် ၀ိုင်းဝန်းလုပ်ဆောင်နေကြသည်။ အဆိုပါ ကိစ္စမျိုး ပြုလုပ်ရာတွင် ကိုယ်ကျိုးရှာသူများလည်း ရှိနေကြသေးသည်မှာ အားလုံးအသိပင် ဖြစ်သည်။ လွန်ခဲ့သောမတ်လ ၂၃ရက်နေ့ မြန်မာနိုင်ငံ၏ ပထမဆုံးသော COVID-19လူနာအား ချင်းပြည်နယ် တီးတိန်မြို့၌ တွေ့ရှိခဲ့သည်ဟု သိရပြီးသည့်နောက်တွင် မြန်မာတနိုင်ငံလုံး ၀ရုန်းသုန်းကား ဖြစ်နေကြတော့သည်။ စာရေးသူတို့၏ ဟားခါးမြို့တွင်လည်း ဆန်၊ ဆီ၊ ဆား စသည့်ကုန်ပစ္စည်းများအား ဈေးနှုန်းမြှင့်တင်ရောင်းချခဲ့ကြပြီး ပစ္စည်းများလုယက်ဝယ်သည့် အခြေအနေအထိ ဖြစ်ပွားခဲ့သည်။ အဆိုပါအချိန်အခါတွင် ပြည်သူများသည်လည်း ပစ္စည်းပြတ်လတ်မည့်အခြေနေအား စိုးရိမ်ပူပန် ကြသည့်အတွက်ကြောင့် အခွင့်ကောင်းယူသည့် ဈေးသည်များက ဈေးနှုန်း၂ဆခန့်မြှင့်တင်ကာ ရောင်းချခြင်း ပြုလုပ်ခဲ့ကြသည်။ ဤသို့သောအခြေအနေမျိုးသည် မိမိကိုယ်ကျိုးရှာသူများအတွက် အမြတ်တခု ဖြစ်နေခဲ့သည်။

          ဖေ့စ်ဘုတ်ကဲ့သို့သော လူမှုကွန်ယက်စာမျက်နှာတွင် ဘာသာရေးခေါင်းဆောင်များမှ ခရစ်ယာန် ပီသဖို့လိုအပ်သည့် အချိန်ဖြစ်ကြောင်းနှင့် မိမိတို့၏စိတ်ဓာတ်များအား အများအကျိုးအတွက် ဆောင်ရွက်သင့်သော အချိန်များဖြစ်ကြောင်း စသည်ဖြင့် ရေးသားဖော်ပြကြသည်။

           ဈေးနှုန်းမြှင့်တင်ပြီးရောင်းဝယ်နေကြသောအချိန်တွင် အချို့သောစတိုးဆိုင်များသည်  ပုံမှန်ဈေး ဖြင့်သာရောင်းသည်ဟူသည့် ဆိုင်းဘုတ်ကလေးများတပ်ပြီး အကျိုးအမြတ် အပိုမယူ သူများအားလည်း တွေ့ရသည်။ အင်မတန် ချီးကျူးစရာဖို့ကောင်းလှသည်။ အများအကျိုး အတွက် လုပ်ဆောင်သင့်သည်အား လက်ငင်းသက်သေပြကြသူများဖြစ်သည်။

          ယခုအချိန်တွင် Volunteerလူငယ်များသည် နေရာအနှံ့တွင် တက်ကြွစွာ ပါဝင်နေကြသည်။  မြို့အ၀င်အထွက်ဂိတ်များသာမက   စောင့်ကြည့်လူနာများကိုပါ     စောင့်ရှောက်လျက်ရှိကြသည်။ လူငယ်များ တစုတစည်းတည်း အားတက်သရော စည်းလုံးမှုကိုပြကြပြီး နိုင်ငံကို အကျိုးပြုနေကြခြင်း ဖြစ်သည်။ အချိန်အတိုင်းအတာတခုအရ အကျိုးပြုရန် မျှော်လင့်နေကြသူများဖြစ်သည်။ ဤကပ်ရောဂါ ပြီးဆုံးသွားလျှင် ယခုလို စည်းလုံးနေကြသော လူငယ်များအား ထပ်တွေ့ရန်လည်း   မျှော်လင့်လျက် ရှိနေကြသည်။ စည်းလုံးမှုမပျက်အောင် တွန်းပို့ကြရမည်ဖြစ်သည်။

          သို့ပါသောကြောင့် ယခုကဲ့သို့သောအခြေအနေမျိုးတွင် အလိုအပ်ဆုံးသောအရာမှာ ချစ်ခြင်းဖြစ်သည်ဟု စာရေးသူပြောချင်သည်။ ချစ်ခြင်းမေတ္တာအား အရင်းတည်ကာ ဆောင်ရွက် ရန်လိုအပ်သည်။ ချစ်ခြင်းတရားအား ပေးဆပ်မှုတခုအနေဖြင့် ပူဇော်ရန်လိုအပ်သည်။ ယခုအချိန်တွင် လုပ်ဆောင်နေသောအရာသည် တချိန်တွင် သမိုင်းတခုဖြစ်လာမည်ဖြစ်သည်။ ဤကပ်ရောဂါကြီးပြီးဆုံးလျှင် လုပ်ဆောင်ခဲ့သောအရာသည် ချစ်ခြင်းတရားအား အရင်းတည်ထားသော လုပ်ဆောင်ခဲ့သောအရာ ဖြစ်နေခဲ့ပါမူ  လှပသောသမိုင်းဖြစ်ပေလိမ့်မည်။    ခက်ခဲနေသော အရာများသည် ချစ်ခြင်းဖြင့် လုပ်ဆောင်လျှင် အဆင်ပြေချောမွေ့မည်ဖြစ်သည်။ သို့ပါသောကြောင့် တဦးကိုတဦး ချစ်ခြင်းတရားရှိဖို့ လိုအပ်သည်။ လူသားတိုင်း ချစ်ခြင်းမေတ္တာ ရှိဖို့လိုသည်။ အပြစ်တင်အပြစ်သာမြင်နေလျှင် အပြစ်သာဖြစ်မည်။ အပြစ်ကိုသာကြည့်လျှင် အပြစ်ကိုသာမြင်ရမည်ဖြစ်သည်။

          စာရေးသူ၏ လူမှုကွန်ယက်တွင် ရေးသားခဲ့သောစာစုအား မိတ်ဆက်ချင်ပါသည်။           “နောက်ကကြည့်ရင်လှတယ်။ ဘယ်အရာမဆို ကြည့်တက်ရင်တော့ မလှတဲ့အရာဆိုတာ မရှိပါဘူး။ ဘယ်အရာမဆို ကြည့်တတ်ရင် အကုန်လှတယ်။ ဥပမာ ပိတ်ကားဖြူကြီး ရှိတယ်ထားပါတော့။ ၁၀ပေလောက်ဖြူတဲ့ပိတ်ကားပေါ်မှာ အမည်းစက်တခု နှမ်းစေ့လောက်ပဲရှိတယ်။ အဲဒီပိတ်ကားဖြူကြီး ဘယ်လောက်ကြီးနေပါစေ အမည်းစက်လေးကိုပဲကြည့်မိရင် အဲဒီအမည်းစက်လေးပဲ တွေ့မှာဖြစ်ပါတယ်။ ပိတ်ကားဖြူကြီးကိုတွေ့ဖို့ဟာ ခဲယဉ်းလိမ့်မယ်။ အမှားကိုပဲကြည့်ရင် အမှားကိုပဲတွေ့ပါလိမ့်မယ်။ အလှတရားဖက်ကိုကြည့်ဖို့ လိုပါလိမ့်မယ်”

          စာရေးသူ ဆိုလိုချင်သည့်အရာသည် အလှတရားဖက်ကိုသာ ကြည့်စေချင်သည့် သဘောမျိုး ဖြစ်သည်။ လက်ရှိအချိန်တွင် တဦးချင်းစီ၌ အခက်ခဲများစွာ ရှိနေလိမ့်မည်။ သို့ပါသောကြောင့်   ဓမ္မမိတ်ဆွေတို့အနေဖြင့်  အများအကျိုးအတွက် ကြည့်နေရမည့် အချိန်ကာလဖြစ်သည်။ ချစ်ခြင်းအား အရင်းတည်သော  အလှတရားတခုအား သမိုင်းမှတ်တိုင်စိုက်ထူကြဖို့ လိုအပ်ပါသည်။ ချစ်ခြင်းတရားအား အရင်းတည်ကာ စည်းလုံးခြင်းဖြင့် သမိုင်းသစ်ကို စိုက်ထူကြဖို့ အထူးလိုအပ်လှပါသည်။ စာရေးသူတို့သည် ခရစ်ယာန်ပီပီ ချစ်ခြင်းတရားအား အကောင်အထည်ဖော် ဆောင်ရွက်မှသာ သမိုင်းကောင်းတခုကို ချန်ထားခဲ့နိုင်မည်ဖြစ်သည်။ ချစ်ခြင်းတရားကို ခရစ်ယာန်တို့၏ မွန်မြတ်သော သမ္မာကျမ်းစာကို ပြန်လည်ထောက်ရှုကာ ရှာဖွေကြရမည်ဖြစ်သည်။

          စာရေးသူမှ ချစ်ခြင်းတရားနှင့်ပတ်သက်၍ ကျမ်းပိုဒ်အနည်းငယ်အားဖြင့် ဤဆောင်းပါးအား အဆုံးသတ်လိုပါသည်။

          “ချစ်ခြင်းမေတ္တာသည် အစဉ်အမြဲစိတ်ရှည်၍ ကြင်နာသနားတတ်၏။ ချစ်ခြင်းမေတ္တာ သည် မနာလိုခြင်းမရှိ။ ၀ါကြွားခြင်းလည်းမရှိ။ မေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏။ မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ။ ၀ါကြွားခြင်းမရှိ။ မာန်မာနမရှိ” (၁ကော ၁၃း၎)

          ငါ၏ပညတ်သည်ကား ငါသည် သင်တို့ကို ချစ်သကဲ့သို့၊ သင်တို့သည်လည်း အချင်းချင်း ချစ်ကြလော့။ မိမိ၏မိတ်ဆွေများအဖို့ မိမိ၏အသက်ကို စွန့်လွှတ်သော ချစ်ခြင်းမေတ္တာထက် ပို၍ကြီးမြတ်သည့် ချစ်ခြင်းမေတ္တာမျိုး အဘယ်သူတွင်မျှမရှိ” (ယော ၁၅း၁၂-၁၃)

Shing Mang