တခါက အလွန်လိမ္မာပါးနပ်သော
၀ံပုလွေတကောင်ရှိ၏။
သိုးတကောင်ကို ချောင်းမြောင်းကိုက်သတ်၍
သိုးရေကို ခြုံလျက် သိုးခြံသို့ဝင်သည် ...
သိုးထိန်းကား မသိ။
သိုးခြံကလည်း မလုံခြုံပေ ...
သိုးထိန်းသည် နေ့စဉ်သိုးတို့ကို
ခြံနားတွင်ရှိသောမြက်တို့ကို ကျွေး၏
တစ်ခါတရံ မြက်တို့သည် မလန်းဆန်း။
မြက်တို့သည် ရာသီဥတုကြောင့် မစိမ်းလန်း။
သိုးထိန်းက ထိုမြက်တို့သာ ကျွေးမြဲကျွေး၏
၀ံပုလွေသည် သိုးထိန်းထက်
သိုးအထာကို ကောင်းကောင်း သိသည်။
တနေ့တွင် သိုးတို့အား စည်းရုံးသည်
“ဘုရားသခင်က ငါ့ကို ပြောတယ် ...
ငါတို့ သိုးတွေအတွက် နေရာရှိတယ် ...
အဲဒီနေရာမှာ စမ်းရေလည်း အေးတယ်...
မြက်တို့လည်း စိမ်းစိုတယ်...
အဲဒီအရပ်ကို ငါ့ကို ဖွင့်ပြတယ်...
ငါတို့ သွားကြမလား”
ပြောပြောဆိုဆို
သိုးတို့အား တစ်စတစအပြင်သို့ ထုတ်ဆောင်ပြီး
သူ့ရဲ့ ဂူစံအိမ်ကြီးထဲမှာ ၀ှက်ထားလိုက်ပြီး
နေ့စဉ် ၀ဖီးနေအောင် ကျွေးမွေးတယ်...
သိုးထဲတွင် ... ဥာဏ်ပါးသော သိုးတချို့ရှိသည်။
တချို့က အသက်ကြီးသည်။ သို့သော် ဥာဏ်မရှိ။
တချို့က အသက်ငယ်သည်။
ခြံပြင်၌ စိမ်းလန်းသော မြက်ကို ကြားသိသည်။
သို့သော် ... သိုးခြံပြင်ပ၏ အန္တရာယ်ကို မှန်းဆတတ်သည်။
တစ်ခါတရံတွင်သာ မြက်ခင်းစိမ်းအား
စားရသော်လည်း သိုးခြံအပြင်ကို မထွက်လို ...
သိုးများတစတစ ပျောက်ဆုံးလာသော်လည်း
သိုးထိန်းသည် ခြံကို ဂရုမပြုမိ ...
သိုးခြံ၌ ကင်းစောင့်သော်လည်း မထူးခြား။
၀ံပုလွေသည် သိုးအုပ်များဖြစ်လာသည့်တိုင်
ခြံပြင်သို့ တိတ်တဆိတ် ခေါ်ဆောင်သွားလေတော့သည်။
သိုးထိန်းအတွက် လက်ဆောင်အဖြစ်
ခြံစည်းရိုးအပေါက်တခု၌ ညှပ်ကျန်ခဲ့သော
သိုးသားရေသာ ရခဲ့သည်။
ထို့နောက်မှ သိုးထိန်းသည် သဘောပေါက်၍
ခြံစည်းရိုးများကို
နေ့မအား ညမအား လိုက်ဖာလေတော့သည်။
၀ံပုလွေသည် ...
မိမိဂူထဲမှ သိုးများအား အယောင်ဆောင်၍
ကျွေးမွေးလေသည်။
အကောင်းဆုံးမြက်များကိုသာ ကျွေး၍
သိုးတို့ထံမှ အသားများဖြစ်ထွန်းရန် အာသီသ ပြင်း၏
ရာသီတွေ ပြောင်းခဲ့ပါပြီ ...
သိုးတွေ ကြီးလာပါပြီ ...
နေ့စဉ် အကြီးဆုံး အ၀ဆုံး အသန်မာဆုံးသိုးတို့ကို
စားသောက်လျက် အောင်ပွဲခံလေတော့သည်။
မိတ်ဆွေ ဟန်ဆောင်သူသည်
ကြောက်စရာကောင်း၏ ..........
သိုးထိန်းဟန်ဆောင်သူသည်
ပို၍ ကြောက်စရာကောင်း၏ ..........
သိုးထိန်းသည် သိုးတို့ ပြန်အလာကို မျှော်တတ်သည်။
သို့သော် ... သိုးတို့သည် ပြန်မလာနိုင်တော့ချေ။
ခန့်သစ်ရင်