အားနည်းလာတတ်သောသဘော

          ပူလောင်ကျွမ်းသောရာသီရဲ့အရှိန်ကြောင့် စိတ်နှလုံးကိုခြောက်သွေ့စေသည်က ပြောစရာ မလိုအောင်ပင်။ အရင်တခါက အိမ်အပြင်ဘက်ကို ကြည့်သည့်အကြည့်နှင့် ယနေ့အိမ်ရဲ့အပြင်တံခါးကို ကြည့်မိသည့်အကြည့်က မတူနိုင်တော့သည်ကို စာရေးသူကိုယ်တိုင် ခံစားလိုက်ရသည်။

          စိုးရိမ်တတ်သော စိတ်ပူတတ်သော ကြိုတင်တွေးတောခြင်းတွေနှင့် အရင်ကလို မပြင်းထန်သော မိမိဘာသာမိမိ သိနေမိသည်။ လွန်ခဲ့သောတလခန့်က အိမ်တံခါးမကြီး ဘဲလ်တီးသံကြားရမည်ကို စိုးထိတ်ရင်း ဧည့်သည်ဝတ်ကိုမကြုံရဖို့ သက်ပြင်းချရင်း ကျော်ဖြတ်ခဲ့ရသည်။ ထိုကာလသည် လွန်သွားသည်လား၊ ကပ်ဆိုးသည် ထွက်ပြေးလားဟုမေးလျှင် ခိုင်မာစွာ ခြေကုပ်ယူနေသော (ကိုဗစ် 19)သည် အရင်တိုင်း ငုတ်တုတ်ထိုင်နေဆဲပင်။

          အချင်းချင်းနှိုးဆော်ကာ ဒူးထောက်ခဲ့ကြသည်။ ဆုတောင်းရာနာရီတို့သည် ဓာတ်အား ကုန်ခဲ့သည်လားမသိ။ သေချာတာတခုက အရှိန်လျှော့လာသော အားကိုးရာနှင့် မျှော်လင့်ရာတို့သည် အသက်တာအတွက် အများကြီးမလိုအပ်ဟု တွေးမြင်မိဟန်ထင်ပါရဲ့။ အတွေးနဲ့အတူ ငေးလိုက်မိသည် တခဏ စာရေးသူစိတ်ဝိညာဉ်သည် ထွက်မြောက်ရာကျမ်းနှင့် တောလည်ရာကျမ်းသို့ ပို့ဆောင် ခံလိုက်ရသည်။

          ၀မ်းမြောက်စွာ ကယ်တင်သူမောရှေကြီးနှင့် လိုက်ပါနိုင်ရန် အိမ်အတွင်း ပဿခါပွဲကျင်းပလျက် အသွေး သုတ်လိမ်းသော အိမ်တံခါးအတွင်း၌ တိတ်ဆိတ်စွာ အသင့်ပြင်ဆင်လျက် စောင့်ဆိုင်းကြသည်။ ဣသရေလ လူမျိုးတော်တို့ရဲ့ လွတ်မြောက်ခြင်းအစအတွက် နာခံခြင်းကို မျှော်လင့်ခြင်းအတွက် တွေ့ရသည်။ ကျွန်ခံရာပြည်မှ လွတ်မြောက်လာပြီးနောက် ထာဝရဘုရားကို ယုံကြည်မျှော်လင့်ခြင်းထက် မိမိတို့လိုအပ်ချက်တွေကို ရှေ့ရှုလာကြ သည်။

          နေ့အချိန်မိုးတိမ်တိုက် ညအချိန်မီးတိုင်နှင့် နေ့နေ့ညည ပို့ဆောင်တော်မူသော ထာဝရဘုရားအား ပုန်ကန်လာကြပြန်သည်။ ကိုယ်တော်က ဒဏ်ခတ်သောအခါ ဒူးထောက်လျက် နောင်တရတတ်ကြ ပြန်သည်။ ဘုရားရှင်သည် အော်ဟစ်ငိုကြွေးသော ထိုအသိများအား ကြားတော်မူသောအခါ   ပြန်လည်ကယ်တင်ဖို့  ပြင်ဆင်တော်မူပြန်ပါသည်။

          ၀မ်းမြောက်လျက် ချီးမွမ်းလျက် အပြစ်တင်လျက် ကျောခိုင်းလျက် ငိုကြွေးလျက် တောင်းပန်လျက်နှင့် လိုရာသို့မရောက်မီ လမ်းတ၀က်တွင်ပင် ကျန်ခဲ့ရသော ထိုသူတို့သည် မိမိအလိုကို ခိုင်မာသောစိတ်နှလုံးနှင့် ဆုပ်ကိုင်ထားတတ်သော ဣသရေလလူမျိုးတော်များသည် နောင်တရတတ်လျက် ချီးမွမ်းနေရင်းမှ မိမိအလိုအတွက် စိတ်အားကြီးရာမှ ဖောက်ပြန်သောစိတ်နှလုံးများ ခိုင်မာကြပြန် သောကြောင့် တောလည်ရာကျမ်းအတွင်း အသက်ဆုံးရှုံးမှုများနှင့် ကျန်ရစ်ခဲ့ကြသည်။

          ဘေးဒုက္ခရောက်မှသာ စည်းလုံးစွာ ဒူးထောက်ဝန်ခံတတ်လျက် မိမိအလိုပြည့်သောအခါ ရွေ့လျော့သောယုံကြည်ခြင်းနှင့် ပေါ့ပျက်သော ကိုးစားခြင်းတို့သည် လိုရာမရောက်ခင် ကျန်ခဲ့ရတတ်သည့် သဘောဆောင်ကြောင်း တောလည်ရာကျမ်းသည် ယနေ့ယုံကြည်သူတို့အတွက် ဆင်ခြင်ရန် ပုံရိပ်ဖြစ်ကြောင်း စာရေးသူ နားလည်သဘောပေါက်မိလာသည်။

          ယခင်က ကပ်ဘေးကြောင့် ဒူးထောက်လျက် မိသားစုများ ယှက်ထားသော လက်များနှင့် တူညီသောစိတ်နှလုံးတို့ နေရာမပျက်ရှိနေဖို့လိုသည်ဟု ဆင်ခြင်မိလာသည်။ စာရေးသူတို့၏ စိတ်နှလုံးသည် အပြင်ကိုထွက်ဖို့ပြင်လေတိုင်း ယုံကြည်ခြင်းရဲ့ စည်းမျဉ်းများအတွင်း ရှိနေရမည်ဖြစ်သည်ဟု နားလည်လာ ရသည်။

          လွန်ခဲ့သောကာလမှ စိုးရိမ်ခြင်းများသည် ယခုအခါ လျော့ပါးသွားရခြင်းအား သခင်ကွယ်ကာမှုကြောင့်ဟု ဆိုလျက် ဆုတောင်းခြင်း နှိုးဆော်ခြင်းတို့ အားမလျော့ဖို့ရာ စာရေးသူတို့ တဦးစီ၏ မိသားစုတိုင်းတို့ ဒူးထောက်ခြင်း မပျက်ဖို့ရာ ကာလအပြောင်းအလဲများအတွင်း ပို၍ တိုးဝင် ဒူးထောက်လျက် သခင်ရဲ့အဆုံးတိုင်ကယ်တင်တော်မူခြင်းကို မျှော်လင့်ကြဖို့ပါ။

          စာရေးသူတို့ အိမ်အတွင်း(စတေးဟုမ်း)သည်ဖြစ်စေ လုပ်ငန်းခွင်တွင်း ခိုဝင်သည်ဖြစ်စေ ချီးမွမ်းခြင်းနှင့် ဒူးထောက်ခြင်းတို့ လျော့မသွားစေဖို့ သတိပြုရမည်သာ။ ကပ်ဆိုးကြီးက စာရေးသူတို့အနားမှာ ရှိနေတာမို့ သခင့်ကို ကိုးစားခြင်းနှင့် အချင်းချင်းလက်တွဲဆုတောင်းခြင်းတို့ ပုံမှန်လည်ပတ်တည်ဆောက်နေဖို့ကို ဆင်ခြင်အတွေးဖြင့် ရှိနေကြဖို့သာ။ ငါလွတ်မြောက်နေသည် ဟူသောအတွေးဖြင့် အားနည်းလာသော ကိုးစားခြင်းမဖြစ်ဖို့ ယနေ့ဆင်ခြင်မိသမျှဖြင့် ပြန်လည် တည်ဆောက်နေမိပါတော့သည်။

 မေနှင်း (ပျိုးပင်ငယ်)