ထိရောက်သော ဆုတောင်းခြင်း နည်း(၇)သွယ်

    ဒီအပတ်မှာတော့ ဆုတောင်းခြင်းနဲ့ပတ်သတ် တာကို အတူတကွ လေ့လာဖို့ရန်ဖြစ်တယ်။

          ယုံကြည်သူတွေရဲ့အသက်တာထဲမှာ ဆုတောင်းခြင်းတွေကြောင့်  အဖြေရတာရှိသလို   တချို့ သောအရာတွေမှာ စောင့်ရတာရှိမယ်။ တချို့သောအရာတွေမှာ ခမည်းတော်ဘုရားသခင်က အဖြေနဲ့ ပတ်သက်တဲ့ အရာ(၃)ခုကိုတော့ သိပြီးသားဖြစ်မယ်လို့ ထင်မိပါတယ်။ အဲဒီလိုအဖြေတွေမရခင်   တဆင့်က   ဆုတောင်းခြင်းပဲဖြစ်ပါတယ်။ ယုံကြည်သူတွေအသက်တာထဲမှာ ကိုယ်ကကောင်းကင်အဖကို      တောင်းလျှောက်တဲ့အရာတွေက တောင်းနေကြဖြစ်သော်လည်း  ခမည်းတော်ဘုရားသခင် တောင်းစေလိုသည့်အတိုင်း နည်းစနစ်ကျကျသမ္မာတရားနဲ့ စကားအပြန်အလှန်ပြောမိဿဟာရဖွဲ့ခြင်းမှာ ပျော်မွေ့တတ်ဖို့ရန်အလွန်ပင်အရေးကြီးပါသည်။ ဆုတောင်းနည်းမှန်ကန်ပါမှ ကောင်းကင်အဖလည်း နားညောင်းပေမည်။

          ထို့ကြောင့် ဘုရားရှင် အကျွန်ုပ်တို့ကို ဆုတောင်းစေလိုသော နည်းလမ်းအတိုင်း ဆုတောင်းတတ်ဖို့ရန် သင်ယူရမည် ဖြစ်သောကြောင့် ဆုတောင်းခြင်းအဖြေ ရရန် အချက်(၇)ချက်ကို မေတ္တာဖြင့် ဝေမျှချင်ပါသည်။

ပထမအချက်`

          အသက်ရှင်သော ဘုရားရှင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ လုံ့လ၀ီရိယနဲ့ ကြိုးစားရှာဖွေရင်း ဘုရားက အတွေ့ခံတယ်ဆိုတာ ယုံကြည်ရမယ်။ ယုံကြည်ခြင်းသည် ခရစ်ယာန်အသက်တာ၌ အလွန်ပင် တန်ခိုးပါသည်။

          ကိုယ်တော်၏ နှုတ်တော်ထွက်စကားတော်ကို ကြည့်ကြပါစို့။ (ဟေဗြဲ ၁၁း၆ - ယုံကြည်ခြင်းမရှိလျှင်၊ ဘုရားသခင်၏ စိတ်တော်နှင့်မတွေ့နိုင်။ အကြောင်းမူကား၊ ဘုရားသခင်အထံတော်သို့ ချဉ်းကပ်သောသူ သည်၊ ဘုရားသခင်ရှိတော်မူသည်ကို၎င်း၊    ကိုယ်တော်ကိုရှာသောသူအား အကျိုးပေးတော်မူသည်ကို၎င်း၊ ယုံကြည်ရမည်)

          မိတ်ဆွေ သင်စဉ်းစားကြည့်ပါ။ ယုံကြည်ခြင်းနှင့်တောင်းသောအရာနှင့် ယုံကြည်ခြင်းမပါဘဲ တနည်းအားဖြင့် မယုံကြည် သံသယစိတ်ဖြင့်တောင်းသောအရာကို သင်နှင့်ကျွန်ုပ် တောင်းလျှောက် နေသော ခမည်းတော် ဘုရားသခင်က မည်သည့်တောင်းဆိုခြင်းကို လက်ခံမည်ဟု သင်ထင်ပါသလဲ။

          တောင်းသောသူကိုယ်တိုင်က မိမိတောင်းလျှောက်နေသော ခမည်းတော်ဘုရားသခင် တတ်နိုင် သည့်   တန်ခိုးတော်ကို   မယုံကြည်သံသယနှင့် တောင်းလျှောက်နေသ၍ အကျွန်ုပ်တို့၏ ဆုတောင်းခြင်းကို ကိုယ်တော်တိုင် မနှစ်သက်ရုံမျှမက အဖြေလည်း ပေး မည်မဟုတ်ပေ။

          လူလူချင်း သံသယအပြည့်ဖြင့် စကားပြောပါက အချင်းချင်း စိတ်ထိတွေ့မည်မဟုတ်ပေ။ ထို့ကြောင့် သင်၏ ဘုရားသခင် ထာဝရဘုရား တတ်နိုင်တော်မူကြောင်းကို သင်သိမှတ်စွဲလမ်းယုံကြည်ပြီး လုံ့လ၀ီရိယဖြင့် အဖြေရသည့်အထိ ကြိုးစားတောင်းလျှောက်ရမည်။

ဒုတိယအချက်

          ယုံကြည်သူများ ဆုတောင်းခြင်း အဆုံးသတ်၌ ယေရှုခရစ်တော်၏နာမကိုအမှီပြု ဆုတောင်းရမည်။ တစ်ခါတလေ ခရစ်ယာန်တို့မေးခွန်းထုတ်တတ်ကြသည်။ စိတ်ထဲမှာအာရုံပြုရုံဖြင့် တောင်းလို့ရပါတယ်။ တစ်ခါတလေ ဆုတောင်းပြီးအဆုံးသတ်၌ ယေရှုခရစ်တော်နာမမပါဘဲ တောင်းလိုက်သောအရာများသည် ခမည်းတော်ဘုရားသခင်ထံသို့ တိတိကျကျမရောက်တာ သင်သိပါသလား။ ယုံကြည်သူတိုင်း သမ္မာသတိ ရှိဖို့ အထူးပင်လိုပါသည်။ ယေရှုခရစ်တော်အားဖြင့်သာ ခမည်းတော် ဘုရားသခင်ရှေ့ဝင်ရသည်ကို အထူးသတိပြုစွဲလန်းပါ။ ရန်သူစာတန်နှင့် သူ၏အပေါင်းအပါများသည် ယုံကြည် သူတို့၏ ဆုတောင်းချက်ကို လေထဲတွင် ခိုးယူနိုင်သည်ကို မမေ့ပါနှင့်။

          ယေရှုခရစ်တော်နာမ၏တန်ခိုးကို သမ္မာကျမ်းစာတွင် ကြည့်ကြရအောင်။ (ဖိလပ္ပိ ၁း၈-၁၀ - ထိုသို့ လူ၏ ဂုဏ်အင်္ဂါလက္ခဏာနှင့်ပြည့်စုံလျက်၊ အသေခံခြင်းသာမဟုတ်၊ လက်ဝါးကပ်တိုင်မှာ အသေခံခြင်း တိုင်အောင် အစေခံကျွန်ခံ၍ ကိုယ်ကိုကိုယ် နှိမ့်ချတော်မူ၏)

          ထို့ကြောင့် ဘုရားသခင်သည် ကိုယ်တော်ကိုအလွန်ချီးမြှောက်၍ ဘွဲ့နာမတကာတို့ထက်  ကြီးမြတ်

သော ဘွဲ့နာမကို ပေးသနားတော်မူ၏။ အကြောင်းမူကား၊ ကောင်းကင်သတ္တ၀ါ၊ မြေကြီးသတ္တ၀ါ၊ မြေကြီး      အောက်၌ရှိသော သတ္တ၀ါတည်းဟူသော ခပ်သိမ်းသောသတ္တ၀ါတို့သည် ယေရှု၏ ဘွဲ့နာမတော်ကို ဒူးထောက်၍၊ ယေရှုခရစ်တော်၏ နာမတော်သည် ခပ်သိမ်းသောအရာ မှောင်မိုက်တန်ခိုးများကို ၁၀၀ရာခိုင်နှုန်း အောင်နိုင်သော အကြီးမြတ်ဆုံးသောနာမဖြစ်သည်။

          ထို့ကြောင့်ဆုတောင်းခြင်းအဆုံးသတ်၌ ယေရှုနာမကိုအမှီပြုပါမှ ထိုဆုတောင်းချက်သည် ခမည်းတော် ဘုရားသခင်ထံသို့ တိုက်ရိုက်ရောက်ပေမည်။

တတိယအချက်

          ဘုရားရဲ့ကတိတော်တွေကိုဆွဲကိုင်ပြီး ယုံပြီးတောင်းဖို့ဖြစ်တယ်။ သမ္မာကျမ်းစာထဲမှာ ဘုရားသခင်၏ ကတိတော်ပေါင်းများစွာ   ထောင်ချီရှိပါသည်။   ထိုကတိတော်များစွာသည်   ယုံကြည်သူ   သားသမီးများ အတွက် ကောင်းကင်အဖမှ လုပ်ပေးပြီးထားသော   လုပ်ပေးချင်သောအရာ ကောင်းကြီးများစွာဖြစ်ပါသည်။

          ကျွန်ုပ်တို့လူသားများပင်လျှင် ကတိပေးဖူးလျှင် တယောက်ကိုတယောက် ထောက်ပြပြီး    အဲဒီကတိကိုဖြေဖို့ နှိုးဆော်တတ်ကြပါသေးသည်။ ထိုနည်းတူစွာပဲ ဘုရားသခင်ကိုယ်တော်တိုင် ပေးထားသော ကတိတော်များကို ယုံကြည်ကိုင်စွဲဆုတောင်းခြင်းသည် သမ္မာကျမ်းသမိုင်းတလျှောက် ဘုရားရှင်ကိုယ်တော်တိုင် ပြုခဲ့သော အံဖွယ်နိမိတ်လက္ခဏာ    ဘုန်းတော်တန်ခိုးတော်များကို ရေတွက် ချီးမွမ်းကာ ဘုရားရှင်၏ တတ်နိုင်တော်မူခြင်း တန်ခိုးတော်ကို ကျွန်ုပ်တို့ အသက်တာ၌ စတင်လှုပ်ခါစေ သည်။

          ဟေဗြဲသြ၀ါဒစာ ၁၀း၂၃တွင် မျှော်လင့်ခြင်းအကြောင်းကို ၀န်ခံ၍ မတိမ်းယိမ်း မရွေ့လျော့ဘဲ တည်ကြည်ကြကုန်အံ့။ အကြောင်းမူကား၊ကတိထားတော်မူသောသူသည် သစ္စာနှင့်ပြည့်စုံတော်မူ၏။ ဘုရားရှင်သည် သူပေးထားသော ကတိတော်များစွာ အတွက် ကတိတည်ရုံသာမက သစ္စာနှင့်လည်း ပြည့် စုံသည်။ ဘုရားကအလွန့်အလွန်ပေးချင်သော်ငြားလည်း ကျွန်ုပ်တို့ယုံကြည်သူများကမူ ဘုရားကတိတော်ကို မသိ။ စိတ်မ၀င်စားမေ့လျော့။ ဘုရားနှင့်တောင် စကားမပြောနိုင်ဘဲ လောကအရာများနှင့်သာ အလုပ်ရှုပ်တတ်ကြသည်။ နောင်တနှင့် ကိုယ်တော့်ထံ ပြန်လှည့်၍ ကတိတော်များကိုခိုလှုံဖို့ တိုက်တွန်း နှိုးဆော်ချင်ပါသည်။

          သို့မှသာ ကျွန်ုပ်တို့သည် ဘုရားရှင်၏ ကျွန်ုပ် တို့အပေါ် ထားရှိသော ထာဝရတည်မြဲသောချစ်ခြင်း မေတ္တာနှင့် ယေရှုခရစ်တော်အားဖြင့် ခပ်သိမ်းသော အမှုကို လုပ်ပေးပြီးကြောင်း သန့်ရှင်းသောဝိညာဉ်တော် အားဖြင့် အကျွန်ုပ်တို့ကို နေ့ရက်စဉ်တိုင်း လမ်းပြစောင်မခြင်း၊ ကာကွယ်ခြင်း၊ ကျွေးမွေးခြင်း စသည့် ယုံကြည်ခြင်း မျှော်လင့်ခြင်းများကို သာ၍တိုး၍ မြင့် တက်လာစေသည်။

စတုတ္ထအချက်

          အရင်ဘုရားရှင် ပြုခဲ့ပြီးသော အမှုအရာ ၀မ်းမြောက်ဖွယ်ရာအမှုအရာများအတွက် ကျေးဇူးတော်များစွာကို တခုချင်းစီ ပြန်လည် ရေတွက်ချီးမွမ်းပြီး ကိုယ်တော့်ကို   ကျေးဇူးအထူးတင်ကာ  ဆက်လက် တောင်းလျှောက်သင့်သည့်   ဆုတောင်းချက်များကို တောင်းလျှောက်ရန်ဖြစ်သည်။

          ဖိလပ္ပိ၎း၆-၇၌လည်း အဘယ်အမှုကိုမျှစိုးရိမ်ခြင်းမရှိဘဲ အရာရာ၌ ကျေးဇူးတော်ကို ချီးမွမ်းခြင်း နှင့်တကွ ဆုတောင်းပဌနာပြုသောအားဖြင့်၊ သင်တို့တောင်းပန်လိုသော အရာများစွာတို့ကို ဘုရားသခင် အား ကြားလျှောက်ကြလော့။ ထိုသို့ပြုလျှင် အဘယ် သူမျှ ကြံ၍မမှီနိုင်သောဘုရားသခင်၏ ငြိမ်သက်ခြင်း သည် ယေရှုခရစ်အားဖြင့် သင်တို့၏ စိတ်နှလုံးတို့ ကို စောင့်မလိမ့်မည်။

          ကျွန်ုပ်တို့   ယုံကြည်သူများ   အသက်တာ၌တော်တော်များများ     ကျေးဇူးတော်ကို   ချီးမွမ်းနိုင်

သောသူရှိသလို မချီးမွမ်းမရေတွက်သူများလည်း အတော်များများရှိသည်။ ရေတွက်ဖို့ မေ့နေတာလည်း   ရှိနိုင်သည်။ ကျေးဇူးတော်မချီးမွမ်း ကိုယ်တော့်ကို ကျေးဇူးအထူးတင်တယ်ဟု မပြောနိုင်လောက်အောင် ဆန့်ကျင်ဘက်အနေအထားများကို ကြုံဆုံရသူများလည်း ရှိသည်။ ၀ိညာဉ်ရေးရာတွင် ကိစ္စ တော်တော်များများကို ကျွန်ုပ်တို့ လူ့ဦးနှောက်အတွေးအခေါ်ဖြင့် ဘုရား၏အကြံအစည်တော် အလိုတော်ကို   မတွေးဆနိုင်ကြပါ။  ဆုတောင်းခြင်းဖြင့် ကိုယ်တော်ထံမှ အဖြေရှာကာ ငြိမ်သက်ခြင်းရမည်ဖြစ်သည်.

          ကျွန်ုပ်တို့ယုံကြည်သူများ၏ အသက်တာသည် မည်သည့်အခြေအနေ မည်သည့်ကာလတွင်ပင် ရောက်နေသည် ဖြစ်စေကာမူ နားလည်လည် မလည်လည် ဘုရားရှင်အကောင်းဆုံး ပြင်ဆင်ပေး ထားပြီးပြီဟု ယုံကြည်စိတ်ချ၍ ကြိုတင်ကျေးဇူးတော် ချီးမွမ်းတတ်သူများဖြစ်ဖို့ရန် အလွန်အရေးကြီးသည်။ သို့မှာသာ ဘုရားပြသောအခါမြင်နိုင်ပြီး သူပေးသောငြိမ်သက်ခြင်းဖြင့် အရာရာကို ကျော်လွှားနိုင်ပေမည်။ ကျေးဇူးတော်ရေတွက်ချီးမွမ်းခြင်းသည် ဘုရားရှင်၏ တတ်နိုင်တော်မူခြင်း  တန်ခိုးတော်ကို သာ၍တိုး၍ စိတ်ချစေပြီး ပိုမို ဆာလောင်တောင့်တစေသည်။

ပဉ္စမအချက်

          ဆုတောင်းတာထက်သာ၍ဘုရားနားညောင်းမယ်ဆိုတာ တိုး၍ယုံကြည်ဖို့ မျှော်လင့်ဖို့ဖြစ်ပါသည်။ တောင်းသောသူတိုင်း  ယုံသလောက်၊   မျှော်လင့် သလောက်ရမှာဖြစ်သည်။ ကျွန်ုပ်တို့ ယုံကြည်သူများ သည် တခါတလေကျွန်ုပ်တို့ကိုပင် ကိုယ်တိုင်ဖန်ဆင်းအသက်သွင်းထားသော ဘုရားကိုပင် လူ့ဥာဏ်လူ့ ဦးနှောက်ဖြင့် သတ်မှတ်ကန့်သတ်တတ်ကြသည်။ ထိုမျှမက မိမိတောင်းလျှောက်သောအဖြေမရလျှင် စိတ်ဆိုးတတ်ကြသေးသည်။ အဖြေရတာကြာလျှင်လည်း စိတ်ကောက်တတ်သည်။ ဖန်ဆင်းရှင်၊ ကယ် တင်ရှင်၊လမ်းပြရှင်ကို မိမိတို့စိတ်တိုင်းကျသာဖြစ်စေဖို့ အတင်းလုပ်ခိုင်းသလိုဖြစ်တတ်သည်။ ဘုရား ကတော့ အရာခပ်သိမ်းကို သိမြင်ပိုင်သအုပ်စိုးနေတဲ့ဘုရားဖြစ်တဲ့အတွက် ကိုယ့်သားသမီးအတွက် အန္တရာယ်ဖြစ်စေနိုင်သည့်အရာ အကျိုးမဲ့သောအရာ ထိခိုက်ဆုံးရှုံးစေမည့် အရာများကို လုံးဝဥဿုံခွင့်ပြု မည်မဟုတ်ပေ။ မိမိသားသမီး မထိန်းသိမ်းနိုင်သေး ဘူးဆိုလျှင်လည်း ပေးလိမ့်မည်မဟုတ်ချေ။

          ထုိ့ကြောင့် အဖကိုယ်တိုင် မိမိတောင်းသည့် အတိုင်း မပေးခဲ့လျှင်လည်း စိုးရိမ်စရာမလိုပေ။

          တောင်းသည့်အတိုင်း  မရသည့်အခါ  ကိုယ်တောင်းဆိုသည့်အချိန် “No”လို့ အပြောခံရခြင်း အပေါ် ခံစားချက်မနက်ရှိုင်းဖို့တော့ အထူးလိုသည်။ ကိုယ့်သားသမီး တောင်းတာမပေးသည့်အဖေ မရှိသလို တောင်းတာထက် သာ၍ကောင်းသောအရာများကို ပေးချင်လိုခြင်းသည် လောကမိဘများပင်လျှင် ဖြစ်သည်။ ထိုထက်မက ကောင်းကင်အဖသည် မိမိသားသမီးများကို လောကမိဘထက်သာ၍ ကောင်းသော အရာများကို ပြင်ဆင်ထားသော အဖဖြစ်သည်။

နှုတ်ကပတ်တော်သမ္မာကျမ်းစာ၌ ကောင်းကင်အဖ ဘာပြောထားသလဲဆိုတာကို ကြည့်ကြ ရအောင်။

          ရှင်မဿဲခရစ်ဝင်၇း၇-၁၁တွင် တောင်းကြလော့။ တောင်းလျှင်ရမည်။ ရှာကြလော့။ ရှာလျှင် တွေ့မည်။ တံခါးကို ခေါက်ကြလော့။   ခေါက်လျှင် ဖွင့်မည်။ တောင်းသောသူမည်သည်ကား ရ၏။ ရှာသောသူလည်း တွေ့၏။ ခေါက်သောသူအားလည်း တံခါးကို ဖွင့်၏။ သားသည် မုန့်ကိုတောင်းလျှင် မြွေကိုပေးမည့်သူ တစ်စုံတယောက်မျှ သင်တို့တွင်ရှိသလော။ သင်တို့သည် အဆိုးဖြစ်လျက်ပင် ကိုယ်သားတို့အား ကောင်းသောအရာကို ပေးတတ်လျှင် ထိုမျှမက ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် ဆုတောင်းသောသူတို့အား ကောင်းသောအရာကို သာ၍ပေးတော်မူမည် မဟုတ်လော။

          ဧဖက်သြ၀ါဒစာ၃း၂၀-၂၁တွင်ငါတို့၌ ပြုပြင်သောတန်ခိုးတော်အတိုင်း ငါတို့ တောင်းပန်ကြံစည်သမျှ ထက် အလွန်ထူးခြားစွာပြုခြင်းငှာ တတ်နိုင်တော်မူသော ဘုရားသခင်သည်  ယေရှုခရစ်အားဖြင့်   အသင်းတော်၌ ကမ္ဘာအဆက်ဆက် ဘုန်းကြီးတော်မူစေသတည်း။ အာမင်။

ဆဌမအချက်

          တိုး၍ယုံကြည်ပြီး မျှော်လင့်ကြရမှာဖြစ်သလို ကောင်းကင်အဖထံမှအဖြေကို စောင့်စားတတ်ဖို့လည်း လိုအပ်သည်။ ကောင်းကင်အဖပေးမည့်အဖြေသည် မည်သို့ပင်ဖြစ်နေစေကာမူ အဖထံမှတိကျသော အဖြေသည် မိမိဘ၀အသက်တာကောင်းစားဖို့ တိုးတက်ဖို့ မိမိမလိုချင်မလုပ်ချင်သော်ငြားလည်း သူ ကျွန်ုပ်တို့အတွက် ပြင်ဆင်ထားသည့် ဆန္ဒချစ်မေတ္တာဖြင့်သာ ပြင်ဆင်ထားကြောင်း အဖမေတ္တာကို ကျွန်ုပ်တို့ ယုံကြည်သူများ ယုံကြည်စိတ်ချတတ်ရန် လိုအပ်သည်။

          ဆုတောင်းသည့်အချိန်တိုင်း အဖထံမှလာမည့် အဖြေသုံးမျိုးဖြစ်သည့် Yes, No, Wait ဘယ်အဖြေကိုပဲရရ စိတ်နှလုံးကိုအသင့်ပြင်ပြီး အဖပေးသည့် အဖြေပေါ်၌ ဆက်လက်ပြတ်သားစွာ လုပ်ဆောင်ဖို့ရန်သာ ဖြစ်သည်။

          တခါက ယုံကြည်သူတဦးသည် အလုပ်မသွားခင် ဘုရားရှင်နှင့်   အမြဲတမ်းစကားပြော   ရင်ဖွင့်ပြီးသည်နှင့် ကောက်ကောက်ထသွားတတ်သည်။ တနေ့တွင် သူအလွန်စိတ်ရှုပ်လွန်းသဖြင့် အသင်းတော်သင်းအုပ်ဆရာထံသွားကာ မေးချင်ရာများ မေးလေတော့သည်။ ကျနော်ဆုတောင်းတာ ဘုရားဘာလို့ အဖြေမပေးသေးတာလဲဆိုပြီး မေးလေတော့သည်။ ထိုအခါ သင်းအုပ် ဆရာက ဆုတောင်းပြီး သန့်ရှင်းသောဝိညာဉ်တော်ဘုရား ဘာကြောင့်သူ့ကို အဖြေမပေးတာလဲလုိ့မေးတဲ့အခါ သန့်ရှင်းသော ၀ိညာဉ်တော်ဘုရားက မေးခွန်းမေးသည့် အသင်းသားအိမ်၏ ဆုတောင်းခန်းကို ပို့ဆောင်ပြီး ဖွင့်ပြလေ တော့သည်။   ထိုအခါ   သင်းအုပ်ဆရာက သဘောပေါက်သွားပြီ ပြောလေတော့သည်။ မင်းက ဘုရားကို ဆုကျတော့တောင်းပြီး ဘုရားပေးမဲ့အဖြေကိုမစောင့်ဆိုင်းနိုင်ဘဲ ချက်ချင်းကောက်ထသွားတာ လချီပြီဟု ဘုရားဖွင့်ပြသည့်အတိုင်း သူပြောချလိုက်သည်။ ထိုစဉ် အသင်းသားသည် သဘောပေါက်သွားပြီး ကျနော် ဘုရားအဖြေပေးတာကို မစောင့်ဆိုင်းခဲ့သည့် သူ့လိုအပ်ချက်ကို သူပြန်မြင်ခဲ့လေတော့သည်။

          ယုံကြည်သူအချို့သည်လည်းဤအသင်းသားကဲ့သို့ မစောင့်ဆိုင်းတတ်သူများ မဖြစ်ဖို့ လိုပေသည်။

          နှုတ်ကပတ်တော်၌ ကောင်းကင်အဖ၏အဖြေကို စောင့်ဆိုင်းတတ်သော ပရောဖတ်ကြီးဧလိယ၏ အဖြစ်အပျက်ကို လေ့လာကြပါစို့။

          ၃ဓမ္မ ၁၈း၄၁-၄၅တွင် ထိုနောက်မှ ဧလိယက မင်းကြီးသည် စားသောက်ခြင်းငှာ တက်သွားပါလော့။ များစွာသော  မိုဃ်းရွာမည့်အသံရှိသည်ဟု  အာဟပ်အားပြောဆိုလျှင် အာဟပ်သည် စားသောက်ခြင်းငှာ တက်သွား၏။ ဧလိယသည်တက်၍ မြေ၌ပြပ်ဝပ်လျက် မျက်နှာကို ဒူးကြားမှာထားလျက် ကရမေလတောင်ပေါ်သို့ မိမိကျွန်အား သင်တက်၍ ပင်လယ်သို့ကြည့်ရှုလော့ဟု ဆိုသည်အတိုင်း ကျွန်သည် တက်၍ကြည့်ရှုလျှင် အဘယ်အရာမျှမရှိပါဟု ပြောဆို၏။ ဧလိယက ခုနှစ်ကြိမ်မြောက်သောအခါ လူလက်နှင့်တူသော မိုဃ်းတိမ်ငယ်တခုသည် ပင်လယ်ထဲက တက်ပါ၏ဟုဆိုသော် အာဟပ်မင်းထံသို့ သွားလော့။ မိုဃ်းရွာ၍ ဆီးတားမည်ကို စိုးရိမ်စရာရှိသောကြောင့်    မင်းကြီးပြင်ဆင်၍     ပြန်သွားမည် အကြောင်းလျှောက်ထားလော့ဟု မှာလိုက်လေ၏။ မကြာမမြင့်မှီ မိုဃ်းသက်မုန်တိုင်းနှင့် မည်း၍ပြင်းစွာ မိုဃ်းရွာ၏။

          အာဟပ်သည် ရထားစီး၍ ယေဇရေလမြို့သို့သွား၏။ အားမလျော့ဘဲ ကောင်းကင်အဖထံမှ အဖြေကို ယုံကြည်ခြင်းဖြင့် စောင့်တတ်ဖို့ သင်ယူရမည်။

သတ္တမအချက်

          ယုံကြည်ခြင်း မြင့်မားလာအောင် လုပ်ဆောင်ရမည်။ အတိတ်ကို ပြန်ကြည့်လျှင် ဘုရားရှင် မစခဲ့သည့် အခြေအနေများ ကြွယ်ဝခဲ့သည့်အချိန် ဆင်းရဲဒုက္ခရောက်သည့်အချိန် ဘုရားရှင်အတူပါရှိ သက်သေထူပြီး ကျော်လွှားအောင်မြင်ခဲ့ခြင်းများကိုသာ ရေတွက်ချီးမွမ်းရမြဲဖြစ်သည်။ ထို့ကြောင့် အတိတ်မှာ ဘုရားရှင်ပြုခဲ့သည့်အရာများစွာအတွက် ပြန်လည်ရေတွက်ချီးမွမ်းပြီး ဘုရား၏ဘုန်းကို   ဘုရားကိုပြန်ပေးဖို့   သက်သေခံဖို့  အထူးလုပ်ဆောင်ရမည်။ ထိုအခက်အခဲအတားအဆီးများသည် မိမိအစွမ်းအစခွန်အားကြောင့် ကျော်ဖြတ်နိုင်ခြင်းမဟုတ်ဘဲ ကိုယ်တော်မေတ္တာ ကရုဏာတန်ခိုးတော် ကြောင့်သာ ကျေးဇူးတော်သက်သက်ကြောင့်သာလျှင် ဖြစ်သည်။ ထို့ကြောင့် သက်သေခံရမည်မှာ ယုံကြည်သူတိုင်း၏ တာဝန်ဖြစ်ပေသည်။

          အရှင်ဘုရားပြုခဲ့သောသက်သေများကို ရေတွက်ပြီး ယခုအမှုအရာများကိုလည်း အသက်ရှင်သောဘုရား ကိုယ်တော်တိုင်  ဖြေရှင်းပေးမည်ဟု   ယုံကြည်စိတ်ချနေခြင်းသည်  ဘုရား၏  တန်ခိုးတော်ကို  သိမှတ်စွဲလမ်းခြင်းဖြစ်ပေသည်။

          ဟေဗြဲသြ၀ါဒစာ ၁၂း၁တွင် ထို့ကြောင့် ဤမျှလောက် များစွာသော သက်သေအပေါင်းတို့သည် ငါတို့ ကိုဝိုင်းရံလျက်ရှိကြသည်ဖြစ်၍ ငါတို့သည် ခပ်သိမ်းသောဝန်တို့ကို၎င်း နှောင့်ယှက်တတ်သော ဒုစရိုက်ကို၎င်း ပယ်ရှား၍ ငါတို့မျက်မှောက်၌ထားသော ပန်းတုံးတိုင်သို့ ရောက်ခြင်းငှာ အားမလျှော့ဘဲ ပြေးကြကုန်အံ့။

          ထို့ကြောင့် ဘုရားရှင်၏ ယုံကြည်သူသားသမီးအယောက်စီတိုင်းအပေါ်၌ ထားရှိသည့် ရည်မှန်းချက် ပန်းတိုင်များဆီသို့  ယုံကြည်ခြင်း  သည်းခံခြင်း မျှော်လင့်ခြင်းဖြင့် အားမလျှော့ဘဲပြေးပြီး အောင်ပွဲဆင်နွှဲ နိုင်ဖို့ ဤဆုတောင်းနည်း(၇)သွယ်အားဖြင့် တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။


အစ်စတဲလ်