ပြောပြဦးမယ်

          “ကဲအားလုံး ပြန်လို့ရပါပြီ”

          ဆန်းဒေးစကူးသင်ချိန်ပြီးစီးသွားပြီမို့ ကျမသိမ်းဆည်းစရာရှိသည်များကို သိမ်းဆည်းနေလိုက်သည်။

          “၀ှစ်” “ဟင်”

          ရုတ်တရက်မို့ ကျမရှောင်ချိန်ပင် မရလိုက်ဘဲ နဖူးတည့်တည်းသို့ ကလေးတယောက်ပစ်လိုက်သော ၀ါးတုတ်တချောင်းက လာမှန်သွားသည်။ ထူပူသွားပြီးတော့ နာလည်းနာသည်။   ဒေါသလည်း   ထောင်းခနဲ

ထွက်သွားပြီး...

          “ဒါ ဘယ်သူ ပစ်တာလဲ”

          ကျယ်လောင်သွားသော ကျမအသံကြောင့် တံခါးပေါက်နားသို့ ရောက်သွားသော ကလေးတချို့က လှမ်းကြည့်သည်။ အိမ်ပြန်ဖို့ပြင်ဆင်နေသော ကလေးတချို့က ဘယ်သူပစ်တာလဲဆိုတာ သိချင်သော မျက်ဝန်းများဖြင့် ဘေးဘီသို့ ဝေ့၀ဲကြည့်သည်။ ထိုစဉ်

          “သား… သားပစ်တာ ဆရာမ။ ဆရာမ သားတောင်းပန်ပါတယ်။ သားကို ခွင့်လွှတ်ပါ”

          တုန်ယင်နေသောအသံနှင့် မျက်နှာလေးက ကျမကိုမော်မကြည့်ရဲပုံကိုကြည့်လျှင် ကျမကို ကြောက်ရွံ့နေဟန်ရှိသည်။ ဆန်းဒေးစကူးအတန်းထဲတွင် အဆော့သန်သောကြောင့်  သူငယ်ချင်းများထံက “ငမျောက်”ဟု နာမည်ပြောင်ရထားသောကလေး။ အတန်းလွှတ်ချိန် အိမ်ပြန်ဖို့လုပ်ရမဲ့အစား ဆော့ကစား နေသော ကလေး။

          “ဆရာမကို မမြင်ဘူးလား။ သားပစ်လိုက်ရင် အဲဒီတုတ်ချောင်းက တယောက်ယောက်ကို ထိမှန် သွားနိုင်တယ်ဆိုတာမသိဘူးလား။ အပြင်မှာ ဘာလို့မဆော့တာလဲ။ အခုမှ ဆန်းဒေးစကူး သင်ပြီးတာလေ။”

          ဒေါသထွက်ထွက်နှင့် ပြောလိုက်ချင်မိသည်။ သို့သော်… ဒေါသစိတ်နှင့် စီရီထားသော ထိုစကားလုံး တို့ကို ထိုကလေးအား ပြောမထွက်ဖြစ်ခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် ဤနေ့မနက်တွင် ကျမသင်ခဲ့သည်မှာ ခွင့်လွှတ်ခြင်းအကြောင်း ဖြစ်နေသောကြောင့်ပင်။ ခွင့်လွှတ်ခြင်းဆိုသည်မှာ အပြစ်ကျူးလွန်သူကို ဗွေမယူခြင်း၊ အငြိုးအာဃာတ မထားခြင်း၊ လက်တုံ့မပြန်ခြင်း၊ စာနာနားလည်ပေးခြင်း စသည့်အကြောင်းအရာတို့က ကျမခေါင်းထဲသို့ တန်းစီ၍ ၀င်လာသည်။ ပြီးနောက် ... ကျမသင်ပေးခဲ့သော ရွှေကျမ်းချက်ကိုလည်း ရုတ်တရက် သတိရသွားမိသည်။

          “တယောက်၌တယောက် အပြစ်တင်စရာအခွင့်ရှိလျှင်၊ အချင်းချင်းသည်းခံ၍ အပြစ်ကိုလွှတ်လော့။ ခရစ်တော်သည် သင်တို့၏အပြစ်ကို လွှတ်တော်မူသကဲ့သို့၊ ထိုနည်းတူပြုကြလော့”

(ကောလောသဲသြ၀ါဒစာ ၃း၁၃)ကို အခြေခံပြီး သင်ပေးခဲ့သည်။ ခွင့်လွှတ်ခြင်းအကြောင်း သင်ပေးပြီး ခွင့်လွှတ်ပေးတတ်ရန် စမ်းသပ်ခံရသည်ဟု ခံစားမိသည်။ ထို့ကြောင့်ပင်...

          “သားရေ… နောက်အဲဒီလို မဖြစ်စေနဲ့နော်။ ကိုယ့်ကြောင့် တခြားသူကို မထိခိုက်စေနဲ့နော်။ ဟုတ်ပြီလား”

          “ဟုတ်ကဲ့ပါဆရာမ။ သား သတိထားပါ့မယ်။ နောက်တခါ မဖြစ်စေရပါဘူး။ သားကို ခွင့်လွှတ်တယ်         မလားဟင် ဆရာမ”

          “ဆရာမ သားကို ခွင့်လွှတ်ပါတယ်ကွယ်”

          ကျမ ပြုံးပြလိုက်တော့မှ သူစိတ်ကျေနပ်သွားပြီး ကျမရှေ့က ထွက်သွားခဲ့သည်။ ကျမလည်း စိတ်ရှင်းရှင်းဖြင့် သိမ်းဆည်းစရာများကို ဆက်လက် သိမ်းဆည်းနေလိုက်တော့သည်။

          ခွင့်လွှတ်ခြင်းအကြောင်း သင်ခဲ့တဲ့နေ့က ကိုယ်တိုင်လည်း သူတပါးကို ခွင့်လွှတ်ပေးတတ်ဖို့ သင်ယူ ခဲ့ရကြောင်းကို မိတ်ဆွေအပေါင်းအသင်းများကို ပြောပြဦးမည်ဟု တွေးမိရင်း ... ။

ဆားတစ်ပွင့်