လက်ဝါးကပ်တိုင်အမှတ်အသားလုပ်တယ်
တာဝန်မကျေတဲ့ စစ်သားတယောက်
ကြိုးဆဲချသေကြောင်း ကြံစည်
‘ကောင်းကင်ဘုံ၌ဖြစ်သကဲ့သို့
မြေကြီးပေါ်၌လည်း အလိုတော်သည် ပြည့်ပါစေသော်ဝ်’
သေတော့မယ့်ပါးစပ်က
တဖြည်းဖြည်း ဆုတောင်းစာလုပြီးရွတ်ဆဲ
ကိုယ်ဟာ သစ်ရွက်ခြောက်လေး
သစ်ကိုင်းပေါ်ကလူ
‘ကြယ်တွေစုံတဲ့ည’ သီချင်းကို
ကျယ်ကျယ်ဖွင့်ထား
‘ရိုးရှင်းသော ဘ၀’ သီချင်းဖွင့်ထား
အရာရာဟာ ဇာတ်သိမ်းပိုင်းရောက်နေပြီမလား
ဒီမိုကရေစီနဲ့ ကွန်မြူနစ်ကို
မေထုံမဲ့သားစပ်ဖို့ ကြိုးစားခဲ့တယ်
ဘုရားတရားနဲ့ ဘာသာတရား ပေါင်းစပ်ဖို့
ကြိုးစားခဲ့တယ်
ငြိမ်းချမ်းရေးကို ခြယ်မှုန်းဖို့
ပြင်ဆင်ခဲ့ပေမဲ့
ချေမှုန်းဖြစ်သွားတော့
လက်ဝါးကပ်တိုင်အမှတ်အသားကို လုပ်မိတာ
မနည်းခဲ့ဘူး
သေမင်းမှတ်စုထဲ ကိုယ်ဟာပက်လက်ကြီး
အရာရာဟာ ဇာတ်သိမ်းပိုင်းရောက်နေပြီ
၀ဋ်ကြွေးဆို ဒီဘ၀မှာ ပြီးစေတော့
နောင်ဘ၀ကျ
အနုပညာသမားတယောက်ပဲဖြစ်ချင်တယ်
ကြိုးဆွဲချသေရင် ဇာတ်လမ်းပြီးပြီ
ကြယ်တွေငေးရင်း သဘောပေါက်လာတယ်
အရာရာဟာ ဇာတ်သိမ်းပိုင်းရောက်နေပြီ
ဒီမိုကရေစီရေစိုကိုယ်လုံးကို ကိုယ်ငေးမိ
လမ်းပေါ်မှာ
ဘောလုံးဆော့နေတဲ့ကလေးပျောက်သွားပြီ
ညနေ ရေဆင်းဆင်းခပ်တဲ့ လုံမပျိုသတင်းလည်း
ပျောက်သွားပြီ
အနာဂတ်ဟာ ပျောက်ဆုံးခြင်းပါလား
သဘောတွေ ပေါက်လာရတော့
အရာရာဟာ ဇာတ်သိမ်းပိုင်းကို
ရောက်နေခဲ့ပြီ
အရာရာဟာ ဇာတ်သိမ်းခန်းကိုရောက်နေပေမဲ့
လောဘတချို့ဟာ ထလောင်နေဆဲပါ
ရေခဲတောင်ကြား ချစ်သူနှစ်ဦးအလောင်းကို
၇၅နှစ်ကြာပြီး ပြန်တွေ့တော့
သူတို့ဟာ လွန်ခဲ့တဲ့ ၇၅နှစ်က
ရုပ်အတိုင်းပဲ
ဒါပေမဲ့ သူတို့ဟာ ဇာတ်သိမ်းခဲ့ပြီ
နောင်လာမဲ့နှစ်တွေမှာ အချိန်ဟာ
ခရီးဆက်သွားနေဦးမယ်
ဒါပေမဲ့ လမ်းခုလတ်မှာ ကိုယ်ဟာ
ဇာတ်သိမ်းတော့မယ်
ဒါဟာ ကျွန်တော်သိတဲ့ အရာရာရဲ့
ဇာတ်သိမ်းပိုင်းပဲ
စိပ်ပုတီးမစိပ်တဲ့ညတွေ
သူတောင်းစားကလေးကို
အကြွေလေးတောင်မပေးခဲ့တာတွေ
ချစ်သူကို ချစ်တဲ့အကြောင်း မပြောရဲခဲ့တာတွေ
တစိမ့်စိမ့်ပြန်တွေးနေမိတော့
အရာရာဟာ ဇာတ်သိမ်းဖို့နီးတဲ့အကြောင်း
ခိုင်မာလာပြီ
ရှုခင်းတွေဟာ သိပ်လှလာတယ်
လူတွေချစ်ဖို့ ကောင်းလာတယ်
မှတ်စုစာအုပ်ထဲ စိတ်ထဲပေါ်လာတာတွေ
ချရေးတယ်
မကြာခင် ဇာတ်သိမ်းခဲ့ရင်
လူတွေက သေတမ်းစာလို့ ပြောကြလိမ့်မယ်
မိဘကျေးဇူးမဆပ်ဖြစ်တော့ဘူး
သိပ်လှတဲ့ပန်းချီကား မရေးဖြစ်တော့ဘူး
သိပ်လှတဲ့မိန်းကလေးနဲ့
မပျော်ပါးဖြစ်တော့ဘူး
သိပ်လှတဲ့ကမ်းခြေမသွားဖြစ်တော့ဘူး
အိုးလ်ထရားဖို့ဒ်ကို မသွားဖြစ်တော့ဘူး
မလုပ်ရသေးတာ သိပ်များနေသေးတယ်
ဒါပေမဲ့ အရာရာဟာ ဇာတ်သိမ်းတော့မယ်
ညနေဆည်းဆာ သိပ်မများတော့ဘူး
အိပ်မပျော်ညတွေ သိပ်မကျန်တော့ဘူး
အရာရာဟာ ဇာတ်သိမ်းပိုင်းကို ရောက်နေပြီ
။
ဆလိုင်းနံရံ