ဟုတ်တယ် သေချာပြန်စဉ်းစားကြည့်ရင်
အဲဒီနေ့က အမေ့ကို စိတ်မဆိုးသင့်ဘူး။ အဲဒီအချိန်က ကိုယ်ဟာ ဆယ်တန်းဖြေဖို့
အပြင်ကျူရှင်တခုမှာ စခန်းသွင်းဝင်နေရတဲ့အချိန်ပေါ့။ပညာတတ်ကြီး ဖြစ်လာပါစေ
ဆိုတဲ့ဆန္ဒနဲ့ မိဘတွေကတော့ အတတ်နိုင်ဆုံး
စခန်းသွင်းပြီး ထားပေးရှာပါတယ်။
ဘော်ဒါပုံစံလိုနေတာမျိုး မဟုတ်တဲ့အတွက် စခန်းသွင်းထားတဲ့နေရာမှာ
ထမင်းဟင်းကျွေးမွေးတာ မပါခဲ့ဘူး။ အဲဒီတော့ နေ့လယ်စာ၊ညစာကို အိမ်ကပဲလာပို့ပေးရတာ။
မနက်စာကတော့ အဆင်ပြေသလို အသုပ်တွေမြန်မာမုန့်တွေ ၀ယ်စားရတယ်။ တနေ့လုံး
ကျောင်းတက်ပြီးရင် ကျူရှင်ကိုပြန်ရတယ်။ ညနေကျူရှင်မစခင် မှာ အိမ်ကလာပို့တဲ့
ထမင်းကို စားရတယ်။ ပြီးတာနဲ့ တခါတည်း ဆက်သင်တော့တာ။ တဘာသာပြီးတော့ တဘာသာ
မနားတမ်းပဲ သင်ရတယ်။
အဲဒီနေ့ညနေက ဗိုက်တွေလည်း အရမ်းဆာတယ်။
ကျူရှင်ကလည်း စတော့မယ်။ ဘေးက သူငယ်ချင်းတွေက စာအုပ်တွေထုတ်ပြီး စာသင်ဖို့
အသင့်စောင့်နေချိန်မှာ ကိုယ်ကတော့ ဗိုက်ကိုပုတ်ပြီး အမေ့ကို စောင့်နေရတယ်။
ညနေ(၆)နာရီဆိုရင် ကျူရှင်က စတော့မယ်။ အမေက ရောက်မလာသေးဘူး လေ။
ကိုယ့်မှာဗိုက်တွေလည်းဆာလွန်းလို့ ဇော်ဂျီတံဆိပ်နဲ့ ငါးဆယ်တန်ဘယာကြော်လုံးလေးတွေပဲ
၀ယ်စားနေရတယ်။ အဆာမပြေပါဘူး။
ညနေ(၆)နာရီထိုးတာနဲ့ ကျူရှင်က
စသင်တယ်။ စာထဲလည်း အာရုံစိုက်လို့ မရဘူး။ ဗိုက်က အော်တာကိုး။ အဲဒီလိုနဲ့ အချိန်မတိကျတဲ့ အမေ့ကို
စိတ်ဆိုးမိတော့တာပဲ။
(၆)နာရီမတိုင်ခင် အမေ
စောစောလာပြီး ထမင်းချိုင့်လာပို့ရမှာလေ...။ အခုတော့...။
အမေဟာ
ညနေ(၆)နာရီခွဲမှပဲ စက်ဘီးလေးနဲ့ ကျူရှင်ကို
ရောက်လာပါတယ်။ ထမင်းချိုင့်
ရောက်ပြီလို့ ရုံးစာရေးမက ကိုယ့်ကို လာပြောတယ်။ ကိုယ်ကလည်း ဆာနေတာနဲ့
ချက်ချင်းထသွားပြီး ထမင်းချိုင့်သွားယူတယ်။ နောက်ကျမှလာလို့ အမေ့ကို
စိတ်ဆိုးတယ်လို့ ပြောမလို့ကြည့်တော့ အမေ့နဖူး ထက်မှာ ချွေးစလေးတွေစို့နေတယ်။ အမေ့မျက်ဝန်းထဲမှာ
မေတ္တာရိပ်တွေ လွှမ်းခြုံနေတယ်။
“သမီးကြိုက်တဲ့ အမဲသားချက်နေတာလေ။
မနူးနူးအောင် နှပ်နေရတာလို့ နောက်ကျသွားတာ”လို့ အမေကပြောတော့
ဘာမှပြန်မပြောနိုင်တော့ပဲ အမေ့ကိုဖက်ပြီးငိုမိတယ်။ ရုံးစာရေး အစ်မကြီးက အံ့သြပြီး
ကိုယ့်ကို ကြည့်နေတယ်။ အမေ့ကို စိတ်ဆိုးမိတဲ့ ကိုယ့်ကိုကိုယ် ပြန်ကြည့်ပြီး
ရှက်မိတယ်။
သြော်.. အမေရယ်.....။
“အမေ သမီးကို ခွင့်လွှတ်ပါ့နော်။
ပြီးတော့ အမေ့ကိုချစ်တယ်”လို့ ရင်ထဲကပဲ ပြောဖြစ်တယ်။ ကိုယ့်ရင်ထဲကစကားတွေကို
အဲဒီအချိန်မှာ အမေကြားပါစေ။
“စာကြိုးစားနော်”လို့မှာပြီး
အမေပြန်သွားတယ်။