OVERCOMER


Overcomer

ယုံကြည်သူတွေအတွက် စံနမူနာယူထိုက်တဲ့ ဝတ္ထုရှည်တပုဒ်ရှိပါတယ်။ ယောဘဝတ္ထုဖြစ်ပါတယ်။ ယောဘလို့ အမည်တွင်သူရဲ့ ဘုရားသခင်အပေါ် ယုံကြည်ခြင်း မြဲမြံပုံအကြောင်းကို ဆင်ခြင်ပွားများနိုင်စေတဲ့ ဝတ္ထုအကြောင်းပဲ ဖြစ်ပါတယ်။  ဝတ္ထုမှာ ယောဘဟာ ဘုရားသခင်စစ်တဲ့ စာမေးပွဲကို ဂုဏ်ထူးနဲ့ အောင်မြင် ကျော်လွှာခဲ့ပုံအကြောင်းကို အံ့ဩမင်သက် တသသဖြစ်မှုနဲ့အတူ ဆင်ခြင်ပွားများရပါတယ်။ ယောဘရဲ့ ကျော်လွှားနိုင်ခြင်းမျိုးကို Overcomerဇာတ်ကားမှာလည်း တွေ့မြင်နိုင်ကောင်းပါတယ်။

Overcomer ဇာတ်ကားက အားလပ်ရက်မှာ Family Movieအနေနဲ့ ခရစ်ယာန်မိသားစုလိုက် ကြည့်ရှုသင့်တဲ့ ရုပ်ရှင်ဇာတ်လမ်းမျိုး ဖြစ်ပါတယ်။ အကြောင်းက လက်ရှိဖြစ်ပျက်နေတဲ့ လောကီကိစ္စ အကြောင်းကိစ္စတွေ အလယ်မှာ ခရစ်တော်၌ ဘယ်လို ရဲရင့်တည်ကြည်နိုင်လဲဆိုတာကို မီးမောင်းထိုးပြ နိုင်တာကြောင့် ဖြစ်ပါတယ်။

ကိုဗစ် ပထမလှိုင်း ဒုက္ခပေးတဲ့အချိန်ကစပြီး ရိုက်ခတ်လာတဲ့ လူမှုစီးပွား၊ နိုင်ငံရေးဒဏ်တွေကြားမှာ ပြင်းအားကောင်းတဲ့အဟုန်ကြောင့် လွင့်ချော်မသွားရလေအောင် ခရစ်တော်၌ အားတင်းပြီး ကြိုးစား ရုန်းကန် အသက်ရှင်ကြတဲ့အခါမှာ နှုတ်ကပတ်တော် (ဘုရားစကား)မှာ မွေ့လျော်ခြင်း အခန်းကဏ္ဍဟာ အင်မတန် အရေးကြီးလှပါတယ်။ ဆိုလေတော့ … ကိုဗစ်ကာလ၊ ပြည်တွင်းစစ်ကာလ၊ တော်လှန်‌ရေးကာလတွေကို ဘယ်လိုမျိုး Overcome ချင်ပါသလဲ။ ဘုရားဝတ်မှာ မွေ့လျော်ပြီး Overcomeဖို့သာလျှင်ဖြစ်ပါတယ်။ Overcome လုပ်ဖို့ အကောင်းဆုံးသော နည်းလမ်းတွေကတော့ …

-        မိသားစုလိုက် ဝတ်ပြုဆုတောင်းခြင်း

-        တဦးချင်း ဘုရားဝတ်၌ မွေ့လျော်ခြင်း

-        ချစ်ခင်နှစ်သက်သူအား ဆုတောင်းကောင်းချီး မေတ္တာပို့သပေးခြင်းပဲ ဖြစ်ပါတယ်။

ဖြစ်လာမှတော့ အခက်အခဲတွေ ကြုံတွေ့နေရမှာပါပဲ။ ဘယ်လို အနိုင်ယူကျော်ဖြတ်မလဲ ဆိုတာသာ အရေးကြီးတာပါ။ ပြုံးပြရင်းလား ငိုမဲ့ရင်းလား။ ဘယ်လိုပုံစံမျိုးနဲ့ ကျော်ဖြတ်သွားပါစေ လွန်မြောက်သွားနိုင်ဖို့ကသာ အရေးကြီးတာဟုတ်ပါလား။ 

တနှစ်တာပတ်လုံး ရင်ဆိုင်ဖြေရှင်းကြရမယ့် ပြဿနာအရှုပ်ထုပ်ကို ဟောင်းနွမ်းတဲ့နှစ်ကာလရဲ့ ဒိုင်ယာရီမှာ ကြည့်ရင် မြင်နိုင်သိနိုင် ခံစားနိုင်မှာပါ။ လွန်သွားပြီးတဲ့နှစ်ကာလတုန်းက ဘယ်အရာကို အဓိက Overcomeခဲ့ပါသလဲ။ ခေတ်ပျက်ကြီးမှာရော ဘုရားသခင်က ဘယ်အရာကို ဘယ်လိုမျိုး ကျော်လွန်စေချင် မှာလဲ ရုပ်ရှင်ကြည့်ရင်း အဖြေရှာကြစို့…။

                                                                                                            

Kristo