ပြတင်းပေါက်တန်း

ဒီမြို့မှာ ဝိညာဉ် နိုးထပွဲကြီးလုပ်ကြမယ်တဲ့
လူတွေဟာ အပျော်ကြီး ပျော်နေကြတယ်
တရားဟောဆရာဟာ နာမည်ကြီးပဲတဲ့
လူတွေဟာ ကောင်းကင်နိုင်ငံတော်ကြီးဆီ ရောက်ကြတော့မယ့်အတိုင်းပဲ
သိုးမည်းတစ်ကောင်က သူတို့ကို ငေးကြည့်နေတယ်
သိုးမည်းတစ်ကောင်ဆိုတာ ကလေးနာမည်ကင်ပွန်းတပ်သလို ဒီလူတွေပဲတပ်ခဲ့တာ
သိုးမည်းနဲ့သိုးဖြူက အရောင်ပဲကွာတာပါ
အသွေး၊ အသား၊ စရိုက်သဘာဝက သိုးပါပဲ
သိုးမည်းအစက ဘုရားသခင်ကိုသံသယ၀င်တယ်ပြောမိရာက စခဲ့တာပဲ
နောက်တော့ တနင်္ဂနွေတွေမှာ သူတို့လိုလိုက်မလုပ်လို့
သူဟာ သိုးမည်းအစစ်ဖြစ်သွားတော့တယ်
အနည်းဆုံး သူတို့မျိုးရိုးက သိုးတွေဖြစ်ခဲ့တယ်
ပျောက်ဆုံးနေတဲ့သိုးမည်းကတော့ သူအရင်ဆုံးပါပဲ
ထားပါတော့
ဝိညာဉ်နိုးထပွဲကြီးက နီးနေပြီ
လူတွေဟာ အဲဒီနေ့ကို မစောင့်နိုင်တော့ဘူး
လူတွေက သိုးမည်းကို နောင်တရစေချင်ကြတယ်
သိုးမည်းနားမလည်မှု အဲဒီမှာပြင်းပြင်းထန်ထန်ဖြစ်လာတော့တာပဲ
ဝိညာဉ်နိုးထပွဲကြီးကတော့ နီးသထက်နီးလာပြီ
သိုးတွေဟာ သူတို့ကိုယ်သူတို့ သိုးဖြစ်ရတာ ဂုဏ်ယူမဆုံးဖြစ်နေကြတယ်
သိုးချည်းနေတဲ့ကမ္ဘာမဟုတ်မှန်း သူသိပြီးတဲ့နောက်
သိုးမည်းဆိုသူဟာ သိုးမည်းဆိုတာ ဂရုမစိုက်တော့ဘူး
အဲဒီနေ့ကစ သူ့သိုးသားရေကိုပဲ ခဏခဏစစ်ကြည့်နေမိတော့တယ်
သိုးမည်းဟာ ဝိညာဉ်အမြဲတမ်းနိုးကြွနေတဲ့ကောင်ပါ
ဥပမာ။ သူ့အိပ်မက်က သူ့အမွှေးတွေနဲ့ စောင်ထူထူကြီးဖန်တီးဖို့တဲ့လေ
သူ့ဘ၀ဟာ စောင်မလိုမှန်းသိသိရက်နဲ့ ။
 
ဆလိုင်းနံရံ