အပိုင်း (၁)
“ချစ် ကိုယ်တို့လက်ထပ်ကြရအောင်”
“ဟင်”
ရုတ်တရက်မမျှော်လင့်သောစကားမို့ အာမေဍိတ်အဆုံး၌ သူကျွန်မကို အလန့်တကြား ကြည့်သည်။ သူ့မျက်ဝန်းများက တစ်စုံတရာကို စိုးရိမ်နေဟန်။ ဟုတ်သည်။ သူစိုးရိမ် နေ သော ထိုအရာကို မကြာမီ မှာပင် ကျွန်မကိုယ်တိုင်ပြုမူရတော့မည်။ သည်လို နေ့ရက်တွေ စောစောမရောက်လာခဲ့ဖို့ ကျွန်မဆုတောင်းခဲ့ဖူးသည်။ မည်သူမဆို မိမိချစ်ရသောသူနှင့်သာ သေတပန်သက်တဆုံး ပေါင်းဖက်ချင်ကြသည်။ သို့သော် ကျွန်မဆုတောင်းတွေ မပြည့်ဝခဲ့ပါ။သူ လက်ထပ်ခွင့်တောင်းမည့်နေ့ကို ကျွန်မတွေးပြီး ကြိုတင်၍ ကြောက်ရွံ့ခဲ့ဖူးသည်ကို သူသိလိမ့်မည်မထင်ပါ။ သူရိပ်မိလိမ့်မည်လည်း မထင်ပါ။ ကျွန်မ သူ့ကို ချစ်သည်။ ခြားနားထားသော တံတိုင်းများစွာကို နှလုံးသားဖြင့် ကျော်ဖြတ်ခဲ့သည်အထိ သူ့ကိုချစ်ခဲ့မိသည်။ ဒါကို သူလည်း သိခဲ့သည်။ချစ်သူ နှစ်ဦး၏ အိပ်မက်မှာ နှစ်ကိုယ်တူ ဘ၀ကို တည်ဆောက်ဖို့ရန် ဖြစ်သော်လည်း ထိုဘ၀ကို ကျွန်မ စိတ်ကူး၌သာ မကြာခဏရောက်ခဲ့ရသည်။
ချစ်သူသက်တမ်း လေးနှစ်အကြာမှ အထက်ပါစကားကို သူဖွင့်ပြောသော်လည်း ကျွန်မ ရင်ခုန်ရမည့်အစားစိုးရိမ်ပူပန်နေမိသည်။ ပျော်ရွှင်ဝမ်းမြောက်သွားသည့် မျက်နှာအမူအရာကိုသာ ဖော်ပြရမည့်အစား ရုတ်တရက်ပင်မှိုင်တွေသွားခဲ့သည်။
“ချစ် ဘာဖြစ်နေတာလဲဟင်။
ရုတ်တရက်ကြီး တိတ်ဆိတ်သွားတယ်။
တခုခု ပြောပါဦး”
တခြားအရပ်သို့ ငေးမောနေသော ကျွန်မမျက်နှာလေးအား သူ့ဖက်သို့ ပြန်လည်တည့်မတ်ကာ ပြောခြင်းဖြစ်သည်။ သူနှင့်မျက်နှာချင်းဆိုင်ရမှာကို ကျွန်မ ကြောက်ရွံ့နေမိသည်။ ဒါကိုတော့ဖြင့် သူသိမည်မထင်။ သူ့ရဲ့ မျှော်လင့်ချက်မျက်ဝန်းတွေနဲ့ဆုံတော့ ကျွန်မစကားလုံးတို့ ပျောက်ရှကုန်သည်။ သူ့ကိုငေးရင်း ကျွန်မပါးပြင်ပေါ်သို့ မျက်ရည်တို့ အလိုလိုပင် စီးဆင်းလာသည်။ ထိုအခါ သူ ထိတ်ထိတ်ပျာပျာ ဖြစ်သွားပြီး
“ဟာ ချစ်မငိုနဲ့လေ တောင်းပန်တယ် ချစ်ရယ်။ ချစ်အံ့အားသင့်ပြီး ပျော်သွားအောင် ကိုယ် လက်ထပ်ခွင့်တောင်းလိုက်တာပါ။ ချစ်ကို မျက်ရည်ကျစေဖို့ ကိုယ်မရည်ရွယ်ပါဘူး”
ကြင်နာတတ်သော ကျွန်မချစ်သူက ကျွန်မရဲ့မျက်ရည်စများကိုသုတ်ပေးရင်း တတွတ်တွတ် တောင်းပန်နေသည်။ ဟင့်အင်း။ ပျော်လွန်းလို့ ငိုမိတာမဟုတ်ပါဘူး ချစ်သူရယ်..။ ချစ်သူဆီကလက်ထပ်ခွင့်တောင်းခံရတာတောင် ပျော်ခွင့်မရှိတဲ့ ဘ၀ပါ။ ချစ်သူဘ၀ထဲဝင်လာဖို့ သတ္တိမရှိတဲ့ မိန်းကလေးမို့ပါ။ ကျွန်မအချိန်အတော်ကြာသည်အထိသူ့ရင်ခွင်၌ ခေါင်းအပ်၍ ငိုနေမိခဲ့သည်။ သူကတော့ ကျွန်မကျောပြင်ကို လက်ဖြင့်သပ်၍ နှစ်သိမ့်ပေးရှာသည်။ သူ့အထင်၌ Proposeအတွက် ကျွန်မပျော်၍ ငိုနေသည်ဟု သူထင်နေပုံရသည်။ ကျွန်မဘယ်လိုပြောရမလဲ ချစ်သူရယ်။ နီးစပ်ခွင့်ရတော့မယ့် ဘ၀အတွက် ပီတိဖြာနေသော ချစ်သူကိုချစ်လျက်နှင့် ပေါင်းစပ်မရတဲ့ ဘ၀နှစ်ခုအကြောင်း နှလုံးသားကို အသေသတ်ပြီး ဖွင့်ဟရတော့မည်။ သည်လိုနေ့မျိုး အနှေးနဲ့အမြန် ကျွန်မထံ ရောက်လာမည်ကို ကြိုတင်တွက်ထားခဲ့သူမို့နာကျင်ရမည့် နှလုံးသားအတွက် ပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။ သို့သော် ချစ်ရသူအတွက် စိတ်ပူပန်နေမိသည်။
သူခံနိုင်ရည် ရှိပါ့မလား။ အဆင်ပြေပါ့မလား။ ဒေါသအကြီးအကျယ်ထွက်သွားမလား။ ယောက်ျားတန်မဲ့စိတ်ရှိလက်ရှိ ငိုကြွေးနေမလား။ အတွေးပေါင်းစုံဖြင့် သူ့ရင်ခွင်၌ ကျွန်မတိတ်ဆိတ် နေမိသည်။ သည်ရင်ခွင်ကို တသက်တာအတွက် လိုချင်သော်လည်း အမြို့မြို့၊ အနယ်နယ်မှဆိုင်တွင် ရှာဝယ်၍ မရနိုင်သည်မို့ ရနိုင်သည့် အနေအထားတွင် ကျွန်မ ဖက်တွယ်ထားချင်မိသည်။ ဘုရားသခင် ကျွန်မတို့ချစ်သူနှစ်ယောက်အတွက်အချိန်တွေကို ရပ်တန့်ပေးပါလားဟင်။ သူနဲ့ မခွဲနိုင်လို့ပါ။ သူ့ရင်ခွင်ကို ထားခဲ့ပြီး တခြားအရပ်ကို ထွက်မသွားရဲလို့ပါ။ ကျွန်မ အနူးအညွတ် တောင်းပန်လိုက်ရင်လည်း အကြောင်းထူးလာမည်မဟုတ်ပေ။ မချစ်သင့်သူကို ချစ်ခဲ့မိသည့် အပြစ်ဒဏ်တွေကို ကျွန်မ ကောင်းကောင်းကြီးခံယူရမည့် အချိန်တန်လာပြီမို့ အသက်တမျှချစ်ရသော ချစ်သူကို ရက်စက်ဖို့ စကားလက်နက်တို့ ထုတ်သုံးရတော့မည်။
အပိုင်း (၂)
“ဘာတွေငေးနေတာလဲ မိန်းမရဲ့”
ကို့အသံကြားမှ ကျွန်မ သတိပြန်ဝင်လာခဲ့သည်။ ‘အဆိုတော်အားတီရဲ့ လမ်းခွဲစကားပြောမယ်’ သီချင်းသံကြောင့် အတိတ်တချို့ဆီသို့ အတွေးစတို့ လွင့်ပြန့်သွားပုံရသည်။ အတိတ်ဆိုလျှင်လည်း ထိုအချိန်က အလွန်ပင်နာကျင်ကြေကွဲဖွယ်ရာကောင်းလှသည်။ ချစ်ရသူကို ချစ်လျက်နှင့် ပစ်ခွာရန် ကြံစည်လုပ်ဆောင်ခြင်းကို တွေးတောမိတိုင်း မျက်ရည်တို့က အလိုလိုပင် ၀ိုင်းလာပြန်သည်။ အတိတ်မှ ဒဏ်ရာတို့က ထင်ရာစိုင်း၍ ၀င်လာသည်။ ကို ... ကျွန်မငိုမိတော့မယ်ထင်ပါရဲ့။ ကို ... တခြားနေရာကို ကျေးဇူးပြုပြီး ထွက်သွားပေးပါလားဟင် ...။ အတိတ်ကဒဏ်ရာတွေနဲ့ ပြိုလဲနေဆဲ ကျွန်မကို မမြင်စေချင်ဘူး။ မမြင်ခိုင်းရက်ဘူးလေ ...။ ကို ... ဘာလို့ ကျွန်မအနားကိုတိုးလာတာလဲ။ ဒဏ်ရာတွေကိုမြင်သွားမှာ စိုးပါတယ် ... ကိုရယ် ... ။ ကို ... ကျွန်မကို ဘယ်လိုထင်မြင်သွားမလဲ ...။
“တေးရယ် … မျက်ရည်တွေနဲ့ပါလား”
ကျွန်မရဲ့မျက်ရည်စတွေဟာ ကိုမမြင်တွေ့အောင် မပုန်းရှောင်နိုင်ခဲ့ပါဘူး။ ဒဏ်ရာတွေကို လူမိသွားပြီမို့ ဆက်လက်ပြီး ဟန်မဆောင်နိုင်တော့ဘဲ ရှိုက်ကြီးတငင် ငိုချလိုက်မိပါသည်။
“အဟင့် ... အဟင့် ...”
“တေး ... ရယ် ...”
ကိုက ကျွန်မပါးပြင်ထက်မှ မျက်ရည်စများကို ကြင်ကြင်နာနာ သုတ်ပေးလေသည်။ ကို့မျက်ဝန်းထဲမှာ ကရုဏာတရားတွေကို လှမ်းမြင်နေရသည်။ အငိုသန်သော မိန်းမသားဟု ကိုများ တွေးတောနေမလား ...။ မျက်ရည်ဆိုတာ ... မိန်းမတွေရဲ့လက်နက်တဲ့။ ကို့ဆီက အကြင်နာတွေရယူဖို့ မျက်ရည်တွေကို လက်နက်အဖြစ် ထုတ်သုံးနေတာ မဟုတ်ရပါဘူး ကိုရယ် ...။
အတိတ်ကဒဏ်ရာတွေကြောင့်သာ ... မျက်ရည်မိုးဆွေလာတာပါ ...။ ငိုပါရစေ ... ကိုရယ် ...။ အတိတ်တချို့ကိုပွေ့ပိုက်မိနေတဲ့ ကျွန်မရဲ့ မိုက်ပြစ်တွေပါပဲလေ ...။
“တေး ... ဘာဖြစ်နေလဲဟင်။ ကို့ကို ပြောပြပါလား။ ရင်တွေ ပူနေပြီလား တေး ... ရယ်...”
ကို့ကို စကားပြန်မပြောနိုင်သေးဘဲ ကို့မျက်ဝန်းတွေကို မျက်ရည်အ၀ိုင်းသားဖြင့် ငေးမောကြည့်နေ မိသည်။ကို့မျက်ဝန်းနက်နက်တွေ ... ။ စတွေ့တဲ့နေ့ကတည်းက ကြွေခဲ့ရသော ကို့မျက်ဝန်းတွေ ...။ တသက်တာလုံးအတွက် အပိုင်လိုချင်ခဲ့မိသော မျက်ဝန်းတွေ ...။ တချိန်ကလည်း ကို့ကို ကျွန်မဤကဲ့သို့ ငေးမောကြည့်ခဲ့ဖူးသည်။
“ကို ... တေးကို ခွင့်လွှတ်တယ်မလားဟင်”
“ဟင်”
ကိုကနားမလည်သောမျက်ဝန်းများဖြင့် ကျွန်မကို ကြည့်သည်။
“တေးက … ဘာအမှားလုပ်ထားလို့ ကိုက ခွင့်လွှတ်ရမှာလဲ တေးရယ် ...”
ကိုကကျွန်မလက်နှစ်ဖက်ကို ဆုပ်ကိုင်ထားသည်မို့ အနွေးဓာတ်တို့က ကျွန်မနှလုံးသားသို့ နွေးထွေးစွာ စီးဝင်လေသည်။
“အဲဒီနေ့က ... လမ်းခွဲစကားပြောခဲ့မိတယ်။ ကို့ကို တေး ... ဒဏ်ရာတွေနဲ့ထားခဲ့မိတယ် ...။ တေးလည်း ... နာကျင်ခဲ့ရပါတယ် ကိုရယ်”
ပြောရင်းဆိုရင်း မျက်ရည်တွေက ပြန်လည် စီးဆင်းလာပြန်သည်။မျက်ရည်ကာတာ မခိုင်ခံ့ဘူးထင်ပါရဲ့။
“ဟာ ... တေး ...’
ကို အလန့်တကြားဖြစ်သွားပြီး ကျွန်မ မျက်ရည်တွေကို ပြန်သုတ်ပေးသည်။ ပြီးနောက်...
“ကို တခုဝန်ခံချင်တယ် တေး ...။ တေးနဲ့ကိုဟာ ပြိုင်မျဉ်းတွေအဖြစ်နဲ့ ဆုံပြီး ချစ်ခဲ့ကြတာပါ ...။ ကိုကဘာသာမဲ့ တေးက ဓမ္မဆရာမတယောက် ဘယ်လိုမှ ပေါင်းစပ်လို့မရမှန်း သိပေမယ့် မင်္ဂလာဆောင် ခန်းမကိုပဲ အိပ်မက်မက်မိနေတာ..။ ဒါကြောင့်လည်း အရဲစွန့်ပြီး တေးကို လက်ထပ်ခွင့်တောင်းခဲ့တာ ...”
ကျွန်မ ကို့ထံမှ ရင်ဖွင့်စကားများကို ပထမဆုံး ကြားဖူးခြင်းမို့ ငြိမ်သက်စွာပင် ကို့မျက်ဝန်းများကိုငေးလျက်
နားထောင်နေမိသည်။
“အမှန်အတိုင်းပြောရရင် တေးကို,ကိုစိတ်နာတယ်.. ကို့ဘ၀ထဲ ၀င်မလာရဲတဲ့တေးကို နားလည်မပေးနိုင် ခဲ့ဘူး။ကို့အိပ်မက်တွေကလည်း တေးနဲ့ပတ်သက်ရင် ခမ်းနားကြီးကျယ်ခဲ့တာကိုး ...။ ဒါပေမယ့် ... အခု ပြန်တွေးကြည့်ရင် ... အဲဒီနေ့က လမ်းခွဲခဲ့ရခြင်းဟာ ဒီနေ့ ဒီလိုပြန်လည်ဆုံစည်းကြဖို့ပါပဲ ... ”
ကျွန်မမျက်ရည်တို့တိတ်စပြုလာသည်။၀မ်းနည်းခြင်း မုန်တိုင်းတို့ တိတ်ဆိတ်သွားပြီးနောက် ကြည်နူးခြင်းတို့ကို ခံစားလာရသည်။
“ကိုတို့လမ်းခွဲပြီးနောက်တေးသိပ်ချစ်တဲ့ဘုရားသခင်ကို ရှာဖွေခဲ့မိတယ် ... ဘုရားသခင်ရဲ့ နက်နဲတဲ့ ချစ်ခြင်းမေတ္တာတွေကိုခံစားမိပြီး ကို ပြောင်းလဲသွားခဲ့တာ ...။ တေးကို နားလည်သွားခဲ့တာ...။ ဘယ်လိုပဲ ဖြစ်ဖြစ် ကိုတို့ ပြန်ဆုံရပြီပဲ တေးရယ် ... အတိတ်ထဲမှာပဲ မနေခဲ့ပါနဲ့။ ပစ္စုပ္ပန်မှာရော ... အနာဂတ်မှာပါ တေးဘေးနားမှာ ကိုရှိနေပါမယ်။ သေခြင်းတရားကလွဲရင် ကိုတို့ကို မခွဲခွာစေရပါဘူးဆိုတာ တေးယုံကြည်ပေးပါနော် ...”
ဟုတ်ပါရဲ့ ...။ ချစ်ရသူကို လမ်းခွဲခဲ့မိတဲ့ အတိတ်ကို ယနေ့အထိ ဖက်တွယ်နေမိသော ကိုယ့်ကိုကိုယ်ပြန်တွေးရင်း ရှက်မိသည်။
ကျွန်မဘ၀ရဲ့ အတိတ်မှာ ကိုရှိခဲ့သည်။ ကျွန်မဘ၀ရဲ့ ပစ္စုပ္ပန်မှာလည်း ကိုရှိနေသည်။ ကျွန်မဘ၀ရဲ့ အနာဂတ်မှာ လည်း ကိုရှိနေဦးမည်ပဲလေ။ နာကျင်စရာအတိတ်ဆီ ကျွန်မစိတ်တွေ ခရီးမထွက်ဖို့ ကျွန်မကြိုးစားဖို့ လိုမည်။
“တေး ယုံကြည်ပါတယ် … ကိုရယ် ...။ ပြီးတော့ ကို့ကို အရမ်းချစ်တယ်”
ကျွန်မ ကလေးလေးတယောက်လို ကို့ရင်ခွင်ထဲခေါင်းလေးငုံ့ပြီး တိုးဝင်မိသည်။ ကို့ရင်ခွင်က ကျွန်မအတွက် အလွန်ပင်နွေးထွေးလှသည်။ ဘယ်အချိန်ခိုဝင်ခိုဝင် နွေးထွေးသော ကို့ရင်ခွင်ကို ကျွန်မလိုချင်ခဲ့မိသည်။
တဆက်တည်းမှာပင် ... ကို့ရင်ခွင်ထဲသို့ ပြန်ရောက်လာအောင် လုပ်ဆောင်ပေးသော ဘုရားသခင်ကိုလည်း ကျေးဇူးတင်နေမိပါတော့သည်။
ဆားတစ်ပွင့်