သခင့်ခေါ်သံကို ကြားသိပါစေ

          သခင်ရဲ့ခေါ်သံကိုကြားရဖို့ ဘယ်လိုနားထောင်မလဲဆိုတာ သင်သိရဲ့လား။ စာရေးသူ တစ်ခါတလေ တွေးမိတယ်။ သခင့်ခေါ်သံအစစ်ဆိုတာ ရှေးတုန်းက ဘိုးဘေးတွေကို သခင်ဘုရားခေါ်တဲ့အသံပဲလို့ ထင်ခဲ့တာ။

          သမ္မာကျမ်းစာ (ဓမ္မဟောင်း)ထဲမှာတော့ ရှမွေလတို့၊ အာဗြံဟံတို့လို သစ္စာရှိ ဘုရားရဲ့လူတွေလို့ ကြားခဲ့ကြတာပါ။

          ဒီနေ့ခေတ်ခေါ်သံတွေ မကြားရတာ လူတွေက မဖြောင့်မတ်ကြလို့လား။ သခင်ဘုရားကဘဲ မခေါ်လို့လား။ မဟုတ်ပါဘူး။ သခင်ယေရှုရဲ့ခေါ်သံတွေက သမ္မာကျမ်းစာထဲမှာ သေချာဖော်ပြထားပါတယ်။ “နားရှိသောသူမည်သည်ကားကြားပါစေ”လို့ အတိအလင်းဖော်ပြထားတယ်။ ဘယ်လို အသက်ရှင်ရမလဲ။   ဘာတွေလုပ်ရမလဲဆိုတာ သမ္မာကျမ်းစာထဲမှာ ဖော်ပြထားတာတွေရှိတယ်။   ဆရာတော်တပါးက  မေးဖူးတယ်။ ပေတရုရရှိတဲ့ငါးတွေကရေထဲရှိတာလား။ ဒါမှမဟုတ် ဘယ်အထဲမှာ ရှိတာလဲလို့ မေးဖူးတယ်။ သင်တန်းသား သင်တန်းသူတွေက “ရေထဲမှာရှိတယ်”လို့ဖြေတော့ ဆရာက ရယ်ကာ “ရေထဲမှာမရှိဘူး။ တကယ်တော့ ငါးတွေက စကားတော်ထဲမှာ ရှိတာပါ”လို့ ပြန်ဖြေတယ်။

          သခင့်ရဲ့စကားသံတွေက သမ္မာကျမ်းစာထဲမှာ ကြားရမှာဖြစ်ပါတယ်။ သခင်တကယ်ခေါ်တာမှ မဟုတ်တာလို့ လူတွေက ပြောကြမယ်။ ဒါပေမယ့် သခင်က တကယ်ခေါ်ပါတယ်။ သူ့လူတွေ့က တဆင့်ပေါ့။ ဧ၀ံဂေလိဆရာတွေက သခင့်ရဲ့သတင်းစကားတော်တွေကို ဝေငှဟောပြောနေကြတယ်။ သူတို့ပြောတဲ့စကားတွေဟာ သခင်ဘုရားအထံတော်ကလာတဲ့ သန့်ရှင်းသောဝိညာဉ်တော်ရဲ့စကားသံမို့ ဒါဟာ သခင်ဘုရားရဲ့ ခေါ်သံပဲဖြစ်ပါတယ်။ ယနေ့ခရစ်ယာန်ခေါင်းဆောင်တချို့က သိသလို မသိသလို အသက်တာမျိုးနဲ့ ရှင်သန်နေကြတယ်။ ဘုရားသခင်ရဲ့အကြောင်းကို သိသလိုလို နီးသလိုလိုနဲ့ ဝေးနေကြတယ်။ အဲဒီလို အသက်တာမျိုးကို သခင်ဘုရားမကြိုက်ဘူးဆိုတာ ဗျာဒိတ်ကျမ်း ၁၅ - ၁၇မှာ ဖော်ပြထားသလို “အဧမဟုတ်၊ အပူမဟုတ် နွေးရုံသာရှိသောကြောင့် ငါခံတွင်း ထွေးလုပြီ”။ ဒီတော့ကာ သခင်ရဲ့စကားကိုကြားရင် ကြားတဲ့အတိုင်း လိုက်လျှောက်အသက်ရှင်ရမှာ ဖြစ်ပါတယ်။

          သခင့်ရဲ့စကားသံတွေထဲမှာ ပထမဆုံးစကားကတော့ “သားတော်ကို ယုံကြည်သောသူများဟာ ကယ်တင်ခြင်းခံရမယ်”ဖြစ်တယ်။ ကယ်တင်ခြင်းက အခမဲ့ရထားတာပါ။ အခမဲ့ပေးတယ်ဆိုတာ ပေးတဲ့လူအတွက်ကတော့ အလကားမဟုတ်ပါဘူး။ ဥပမာ သူငယ်ချင်းနှစ်ယောက်, တယောက်ကို တယောက် လက်ဆောင်ပေးကြတယ်ဆိုတာ ရတဲ့လူက အလကားပေးရပေမယ့် ပေးတဲ့လူက အဲဒီလက်ဆောင်ကို ၀ယ်ယူရတာပါ။ အလကားရတယ်ဆိုပြီး တန်ဖိုးမထားရင် ပေးတဲ့သူကို မလေးစားရာကျပါတယ်။

          ဒီလိုပါပဲ သခင်ဘုရားက ကျွန်ုပ်တို့အတွက် ထာဝရအသက်ကို အခမဲ့ပေးခဲ့တယ်။ အဲဒီ အခမဲ့ပေးဖို့အတွက် သခင်ဘုရားက   ကားတိုင်ထက်မှာ   အသွေး၊   အသက်၊ ချွေးစက်တွေကို စတေးခဲ့ရတယ်။ ဘာမဟုတ်တဲ့ တန်ဖိုးရှိတဲ့လက်ဆောင်ပစ္စည်းလေးတောင် တန်ဖိုးထား သိမ်းဆည်းမယ်ဆိုရင် သခင်ရဲ့အသက်နဲ့ရင်းရတဲ့ ထာဝရအသက်ကိုလဲ တန်ဖိုးထားရမှာပါ။

          သခင့်ရဲ့စကားတော်နားထောင်လိုက်လျှောက်ရင်းနဲ့သခင်ပေးတဲ့လက်ဆောင်လေးကိုတန်ဖိုးထားဖို့လိုပါတယ်။

          လက်ဆောင်ကို တန်ဖိုးထားရခြင်းမှာ စကားတော်ကို နားထောင်ဖို့သက်သက်မဟုတ်ဘဲ လိုက်လျောက် အသက်ရှင်ဖို့လည်း လိုအပ်ပါတယ်။ အကောင်းဆုံးဥပမာကို နောဧကြီးက ပြသခဲပါ့တယ်။ ဘုရားသခင်ရဲ့ခေါ်သံတွေ၊ မိန့်ကြားသံတွေကို နားထောင်ပြီး ဆေးကြောခြင်းက လွတ်မြောက်ခဲ့သလိုမျိုး ယနေ့ခေတ် ယုံကြည်သူတွေလည်း သခင့်သံနားထောင်ခြင်းဖြင့် ထာဝရငရဲမီးက လွတ်မြောက်ဖို့ ကြိုးစား အသက်ရှင်ကြပါစို့။

 

မာန်လေးနွယ်